(င)-ထီးလင်းမြို့နယ်အတွင်းရှိ အကြည်ဘန်း၊ အလယ်ဘန်း၊ အညာဘန်းကျေးရွာ(၃)ရွာအား လျှပ်စစ်မီး ရရှိရေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-26

ကျေးရွာသုံးရွာသည် ထီးလင်းမြို့မှ ပေါက်-ပခုက္ကူသွားကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ကျေးရွာသုံးရွာတွင် အိမ်ထောင်စု ၃၈၀ ကျော်ရှိပြီးမှ လူဦးရေ ၁၈၀၀ ခန့် တည်ရှိသည့်အပြင် အကြည်ဘန်းကျေးရွာဆိုလျှင် ထီးလင်းမြို့နှင့် ၈ မိုင်ဝေးပြီး အညာဘန်းကျေးရွာသည် ၁၂ မိုင် ခန့်ဝေးပါကြောင်း၊ ကားလမ်းမကြီးအနီး ရှိသည့်အတွက် သွားလာရလွယ်ကူသော ကျေးရွာများလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အကြည်ဘန်းကျေးရွာဆိုလျှင် အခြေခံပညာအထက်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာန ရှိသည့်အတွက်ကြောင့် အနီးအနားရှိ ကျေးရွာပေါင်း ၁၀ ရွာမှ ကျောင်းသား/သူများနှင့် မိဘပြည်သူများ မှီခိုအားထားနေရသည့် ကျေးရွာတစ်ရွာလည်း ဖြစ်ပါကြောင်း၊ အကယ်၍ အကြည်ဘန်းကျေးရွာတွင် လျှပ်စစ်မီးရရှိမည်ဆိုလျှင် အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာသင်ကြားနေသည့် ကျောင်းသား/သူများ၏ ပညာရေးပိုမိုပြီး အထောက်အကူ ဖြစ်လာမည်ဖြစ်သည့်အပြင် ၎င်းဒေသရှိ ပြည်သူလူထုများ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအဆင့်အတန်းလည်း မြင့်မားလာမည် ဖြစ်သည့်အပြင် အနီးအနားရှိ အလယ်ဘန်းကျေးရွာ၊ အညာဘန်းကျေးရွာများကိုလည်း လျှပ်စစ်မီးလွယ်ကူစွာ သွယ်တန်းနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် အနီးအနားရှိ ဘူးတောင်းကျေးရွာ၊ ညောင်ကျေးရွာ၊ တိကျေးရွာ၊ ငါးဆင်းကျေးရွာနှင့် အခြားကျေးရွာများကိုလည်း လျှပ်စစ်မီးရရှိနိုင်ရေးအတွက် တစ်ဆင့်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အကြည်ဘန်းကျေးရွာ၊ အလယ်ဘန်းကျေးရွာနှင့် အညာဘန်းကျေးရွာများကို လျှပ်စစ်မီးသွယ်တန်း ပေးပါရန်တောင်းဆိုရင်း အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။