(ဃ)-လယ်ယာမြေပိုင်ဆိုင်မှုပုံစံ(၇)များကို မှန်ကန်စွာထုတ်ပေးနိုင်ရန်၊ လမ်းဖောက် လုပ်ရာတွင်ညှိနှိုင်းရာ၌ အဆင်ပြေစေ ရန်နှင်‌့ ‌မြေနုကျွန်း ပြဿနာများကိုဖြေရှင်းနိုင်ရန် (Drone)ဖြင်‌့တိုင်းတာပေးနိုင်ခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-26

လယ်ယာမြေပိုင်ဆိုင်မှုပုံစံ(၇)များကို မြန်ဆန်စွာနှင်‌့မှန်ကန်စွာထုတ်ပေးနိုင်ရန်၊ ကုန်ထုတ် လမ်းဖောက် လုပ်ရာတွင် ညှိနှိုင်းဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့စေ ရန်နှင်‌့ ‌မြေနုကျွန်း ပြဿနာများကို မြေပုံပေါ်တွင်ဖြေရှင်းနိုင်ရန် ခေတ်မီနည်းစနစ်များအပြင် (Drone)ဖြင်‌့ တိုင်းတာပေးနိုင်ခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

မြို့နယ်များတွင် လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီ၊ လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စစ်ဆေးရေး ကော်မတီဟူ၍ မြေယာကိစများ ဖြေရှင်း ဆောင်ရွက်နေခြင်း များရှိပါကြောင်း၊ ယင်းသို့ဖြေရှင်းဆောင်ရွက်ရာတွင် မြေကြီးမြေပုံ မှန်ကန်ရန်နှင့်  မြေရာဇဝင်မှန်ကန်ရန်သည် အဓိကလိုအပ်ပါကြောင်း၊ မြေကြီးမြေပုံ မမှန်ခြင်း၊ မြေရာဇဝင်မမှန်ကန်ခြင်းများဖြစ်ပေါ်ပါက မြေပြဿနာများကို ဖြေရှင်း၍ မရနိုင်ပါကြောင်း၊ မြန်မာနိုင်ငံမြေစာရင်းလက်စွဲဥပဒေတွင် ‌မြေတိုင်းတာသည့်နေရာတွင် မြေတိုင်းစာရေးသည် နှစ်စဉ်ကွင်းဆင်းသည့်အခါ ကွင်းမြေပုံ အသီးသီးပေါ်တွင် ကန်သင်းပြင်ခြင်းနှင်‌့ အခွန်စည်းကြပ်ရန်တိုင်းတာခြင်းများအားဖြင်‌့ မြေပုံနှင့် မြေပုံစာရင်း ၁(ခ)များကို အမြဲတမ်းပြည့်စုံမှန်ကန်အောင် ပြုလုပ်ရမည် ဟူ၍ ပါရှိပါကြောင်း၊ အခွန်မြေတိုင်းစာရေးသည် ကွင်းဆင်းသည်‌့အခါ မြေပုံများကို တည်ဆဲနေ့ရက်အထိ မှန်ကန်အောင်ပြုလုပ်ထားရန် တာဝန်ရှိကြောင်းကို အပိုဒ် ၉၂၆ တွင် ပြဋ္ဌာန်းထားသည့်အပြင် ဤစည်းကမ်းကို ကြပ်တည်းစွာလိုက်နာစေရမည်။ အကြောင်းထူးရှိသော ကွေ့မှတစ်ပါး အခြားကွေ့များ၌ ဦးပိုင်နှင်‌့လယ်ကွက် နယ်နိမိတ်များပြောင်းလဲသွားခြင်းများကို မတိုင်းတာဘဲ ပျက်ကွက်ခြင်းကို လက်မခံနိုင်သဖြင်‌့ တားမြစ်ရမည်ဟု ပါရှိပါကြောင်း၊  ကြေးတိုင်နှင့်မြေစာရင်း၏  လမ်းညွှန်ချက်(၆)ချက်တွင်လည်း မြေကြီးမြေပုံမှန်ကန်ရင် ဟူ၍ လည်းပါရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် လယ်ထွန်စက်မျာ၊ ဘတ်ဟိုးများ၊ လယ်မြေထဲတွင် အဆောက်အဦးများ၊ ခြံကွက်များ ဖြစ်ပေါ်လာပြီဖြစ်သည့်အပြင် ယင်းကိစ္စရပ်များကို တိတိကျကျအရေးယူဆောင်ရွက်နိုင်ခြင်း အင်မတန်နည်းသည်ကို တွေ့ရှိရပါကြောင်း၊

ယင်းကိစ္စရပ်များကို ဌာနနှင့်ဆွေးနွေးသည့်အခါတိုင်း ဝန်ထမ်းမရှိပါဟူ သည့် အဖြေပေးချက်ကိုရရှိပါကြောင်း၊ ယခုအချိန်တွင် ပြည်နယ်နှင်‌့တိုင်းဒေသကြီးများတွင် Drone ဖြင့် လယ်ယာမြေများ တိုင်းတာခြင်းများကို တွေ့ရှိရပြီး ယင်းသို့တိုင်းတာခြင်းကို မြေစာရင်းအနေဖြင့် အသိအမှတ်ပြုကြောင်းကို တိကျစွာ ပြောနိုင်ခြင်းမရှိပါကြောင်း၊  ထို့ကြောင့်  Drone ဖြင့် တိုင်းတာကို အသိအမှတ်ပြု/မပြု၊ အသိအမှတ်ပြုပါက  ယင်းကိစ္စရပ်ကို အားသွန်ခွန်စိုက်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အသိအမှတ်မပြုပါက မြေပြင်ကို မည်သိုပုံစံမျိုးဖြင့် မြေပြင်ကအခြေအနေကို မြေပုံပေါ်တင်ရန် ပြင်ဆင်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းပါသည်။