(စ)-လေရှီးမြို့နယ်၊ ကူကီး၊ ကုံကိုင်လုံ၊ ပန်ဆပ်၊ ဖန်သရက်၊ ဟိန်ကွပ်၊ နမိယူပီအုပ်စုတို့နှင့် ဆွမ္မရာမြို့များရှိ လယ်ကွက်ငယ်များကို ကျွဲ၊ နွား အသုံးပြုနိုင်သည့် လယ်ကွက်များအဖြစ် ချဲ့ပေးရန်အတွက် ရန်ပုံငွေခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

လေရှီးမြို့နယ်၊ ကူကီး၊ ကုံကိုင်လုံ၊ ပန်ဆပ်၊ ဖန်သရက်၊ ဟိန်ကွပ်၊ နမိယူပီအုပ်စုတို့နှင့် ဆွမ္မရာမြို့များရှိ လှေကားထစ်လယ်ကွက်ငယ်များကို ကျွဲ၊ နွား အသုံးပြုနိုင်သည့် လယ်ကွက်များအဖြစ် ချဲ့ပေးရန်အတွက် ရန်ပုံငွေခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်ရှိ နမိယူပီအုပ်စု၊ ကူကီးအုပ်စု၊ ကုံကိုင်လုံအုပ်စု၊ ပန်ဆပ်အုပ်စု၊ ဖန်သရက်အုပ်စု၊ ဟိန်ကွပ်အုပ်စုနှင့် ဆွမ္မရာမြို့များသည် လွန်ခဲ့တဲ့နှစ်ပေါင်း လှေကားထစ်လယ်ယာလုပ်ငန်းများကို အသက်မွေး ‌ဝမ်းကျောင်းတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်ရာလျက်ရှိရာ ပထဝီအနေအထားအရ လယ်ကွက်ငယ်လေးဖြစ်သည့်အတွက် တောင်စောင်းများတွင် တစ်ပိုင်တစ်နိုင် လူလုပ်အားဖြင့်သာ တူးဖော်ခြင်းရပြီး ကျွဲ၊ နွားများ အသုံးပြုလို့မရပါကြောင်း၊ ထို့ကြောင့် ပေါက်တူး၊ ပေါက်ပြားများကို အသုံးပြု၍ လူလုပ်အားဖြင့်သာ ထွန်ယက်စိုက်ပျိုးကြရသည့်အခြေအနေရှိပါကြောင်း၊

 ဒေသ၏ ရာသီဥတုအခြေအနေအရ စပါးတစ်သီးစားစိုက်ရန်  အနည်းဆုံး နှစ်ခါပေါက် ရှင်းရပါကြောင်း၊ နှစ်ပတ်လည်အောင် အလုပ်လက်နှင့် မကွာ ကြိုးစားလုပ် ကိုင်သော်လည်း ဝမ်းစာဖူလုံမှုမရှိဘဲ ဆင်းရဲစွာ နေကြရပါကြောင်း၊ ယခုတိုးတက်လာသည့် ခေတ်တွင် စက်ယန္တရား၊ ကျွဲ၊ နွားများ အသုံးပြုနိုင်သည့် တောင်သူဦးကြီးများသည် အချိန်တိုအတွင်းမှာ ဧကပေါင်းများစွာ ထွန်ယက် စိုက်ပျိုးနိုင်ပြီးတော့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လျက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊

ထို့ကြောင့် တိုးတက်လာသည့် ခေတ်ရေစီးကြောင်းနှင့်အညီ လူလုပ်အားဖြင့်သာ ထွန်ယက်စိုက်ပျိုးနေသည့် ဘဝမှ ကျွဲ၊ နွား အစားထိုး ထွန်ယက်စိုက်ပျိုးနိုင်သည့် အဆင့် အထိ တိုးမြှင့်ပြောင်းလဲ အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် လေရှီးမြို့နယ်၊ ကူကီး၊ ကုံကိုင်လုံ၊ ပန်ဆပ်၊ ဖန်သရက်၊ ဟိန်ကွပ်၊ နမိယူပီအုပ်စုတို့နှင့် ဆွမ္မရာမြို့များရှိ လှေကားထစ်လယ်ကွက်ငယ်များကို ကျွဲ၊ နွား အသုံးပြုနိုင်သည့် လယ်ကွက်များအဖြစ် ချဲ့ပေးရန်အတွက် ရန်ပုံငွေခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။