(င)-တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကို မည်သည့်နေ့ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါသနည်း၊ အဆိုပါအဖွဲ့၏ ဥပဒေပါရည်ရွယ်ချက်များ အောင်မြင်ရေးအတွက် မည်သို့ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ၈-၁၀-၂၀၁၃ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၂ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၁၉-၁၂-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၄၇ ဖြင့် ဥပဒေကိုပြင်ဆင်ခဲ့ပြီး ၎င်းဥပဒေပုဒ်မ ၄ တွင် ဦးဆောင်အဖွဲ့ကို ဒုတိယသမ္မတတစ်ဦးဦးဆောင်ဖွဲ့စည်းရမည်ဟု ဖော်ပြထားပါကြောင်း၊ ၂၉-၅-၂၀၁၅ ရက်နေ့တွင်  လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးနည်းဥပဒေကို အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၁၅)ဖြင့် ထုတ်ပြန်ခဲ့သည့်အတွက် ၎င်းဥပဒေ ကိုပြဋ္ဌာန်းခဲ့သည့်မှာ လေးနှစ်ကျော်၊ နည်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်မှ သုံးနှစ်ကျော်ရှိလာပြီ ဖြစ်ပါကြောင်း၊ ဦးဆောင်အဖွဲ့၏ ပုဒ်မ ၅ တွင် လုပ်ငန်းတာဝန် (၁၃)ချက်၊ ပုဒ်မ ၈ တွင် လယ်သမားများ အခွင့်အရေး ရရှိ အောင် ကူညီညှိနှိုင်းပေးရမည့်အချက် ငါးချက်၊ ပုဒ်မ ၉ တွင် တောင်သူလယ်သမားများ အတွက် ဦးဆောင် ပေးရမည့်အခွင့်အရေး အကျိုးစီးပွားငါးချက် စသည့်အချက်များကို ဦးဆောင်အဖွဲ့အနေဖြင့် အပြည့်အဝ အကောင်အထည်ဖော်နိုင်ခဲ့ပြီဆိုပါက ယနေ့လယ်သမားများ၏ ဆင်းရဲဒုက္ခများပြေငြိမ်းနိုင်ပြီဟု  ယူဆလို့ရ ပါကြောင်း၊ ဥပဒေပုဒ်မ ၁၁တွင် ဦးဆောင်အဖွဲ့သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်း နိုင်ရေး အတွက် လိုအပ်သောနည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်းကုန်ကြမ်း အစရှိသည်တို့ကို ညှိနှိုင်းဆက်စပ် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဟု ဖော်ပြထားပါကြောင်း၊ ဦးဆောင်အဖွဲ့အနေဖြင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကို တကယ်တမ်းလိုက်နာကျင့်သုံး အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက  တောင်သူလယ်သမားများ၏ ဘဝတိုးတက်လာမည်ဟု ယူဆပါ ကြောင်း၊ ထို့ကြောင့်တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့ကို မည်သည့်နေ့ရက်တွင် စတင်ဖွဲ့စည်း၍ အဆိုပါအဖွဲ့၏ ဥပဒေပါရည်ရွယ်ချက်များ အောင်မြင်ရေး အတွက် မည်သို့ဆောင်ရွက်လျက်ရှိသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။