(ဃ)-ပြည်ထဲရေးဝန်ကြီးဌာနအမည်ပေါက် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ နယ်နိမိတ်များကို သတ်မှတ်ပြီး ကွက်ကျဲတိုင်းတာပေးရန် အစီအစဉ်ရှိ/မရှိသိလိုခြင်းနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

2020-12-26

 

လယ်ယာမြေဥပဒေပုဒ်မ ၃ (က) တွင် လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်၊ စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမာန်စိုက်ပျိုးသည်‌့ ခြံမြေဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေ ဟုသော်လည်းကောင်း၊ သတ်မှတ်သည်‌့မြေများကို ဆိုသည်ဟု အတိအကျဖော်ပြထားပါကြောင်း၊ ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေး အဆောက်အဦနှင်‌့ ပရဝဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသည့် မြေများမပါဝင်ဟု ပါသည့်အတွက်ကြောင်‌့ မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ် သတ်မှတ်ထားသည့်အတွင်း လူနေအိမ်ရာများမရှိလျှင် စီမံခန့်ခွဲမည့်ဥပဒေသည် လယ်ယာမြေဥပဒေ ဖြစ်ပါကြောင်း၊ ၎င်းကို နယ်နိမိတ်ပေါ်မူတည်ပြီး စီမံခန့်ခွဲရန် မည်သို့မျှ မလွယ်ကူနိုင်ပါကြောင်း၊ ထို့အတွက်ကြောင်‌့ မြို့၊ ကျေးရွာ၏နယ်နိမိတ်များကို သတ်မှတ်ပြီးမှ မြို့၊ ရွာအသစ်များ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အမှန်မှာ စနစ်ကျသည့် စီမံခန့်ခွဲမှုမျိုးဖြစ်ပါကြောင်း၊ လက်ရှိဖြစ်နေသည်မှာ နယ်များတွင်ဆိုပိုဆိုးပြီး ကျေးရွာများကို အသစ်ဖော်ဆောင်ရန် ခဏထား၊ ရှိသည့်ကျေးရွာများ၏ နယ်နိမိတ်ကို မဖော်ဆောင်နိုင်ပါကြောင်း၊ ထို့ကြောင့် အိမ်ကွက်များသည် ဖြစ်ချင်သလို ဖြစ်နေပါကြောင်း၊ ၎င်းပြဿနာက မခိုင်မာသည့် အခါကျလျှင် ‌မြေကိုမည်သည့် ဥပဒေနှင့် စီမံခန့်ခွဲရမည်နည်းဆိုသည်မှာ အခက်အခဲဖြစ်စေပါကြောင်း၊ ထို့ကြောင့် လွတ်လပ်သည့် နိုင်ငံတွင် မှီခိုရန်မလိုအပ်သည့် ကျေးရွာသည် မှီခိုရန်အမြဲလိုအပ်နေပါကြောင်း၊ မည်သည့်အတွက်ကြောင့် ဆိုသည်မှာ မြို့နှင့်ကျေးရွာများကို စနစ်တကျ မဖော်ဆောင်ခဲ့သည့်အတွက် လူနေသည့် နေရာများကို အိမ်ခြေ ၅၀ ပြည့်သည်နှင့် သတ်မှတ်ခဲ့သည့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပါကြောင်း၊

နိုင်ငံတော်၏ ဘတ်ဂျက်နှင့် လမ်းများ၊ လျှပ်စစ်မီးများစနစ်တကျတည်ဆောက်ထားပြီး လူနေထိုင်သည့် မြေကွက်များ ဖြစ်ပါကြောင်း၊ အမှန်တကယ် ယခုလို တိတိကျကျ ဖော်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ၎င်းသည် ခရိုင်ကော်လိတ်တော်အရာရှိ အခုခရိုင်အုပ်ချုပ်ရေးမှူးများ၏ တာဝန်ဖြစ်ပါကြောင်း၊ အဓိကအားဖြင်‌့ မြေအမျိုးအစားပေါ်မူတည်ပြီး ဥပဒေအရ စီမံခန့်ခွဲရခြင်းရှိပါကြောင်း၊ နောက်တစ်ခုက နိုင်ငံသားများ တစ်ဦးနှင့်တစ်ဦး၏ နေထိုင်မှုအပေါ် လက်ဝါးကြီးအုပ်မှုမရှိအောင် ကြွယ်ဝမှု အခွန်ကိစ္စများ ထိုကိစ္စများကို တိတိကျကျစီမံခန့်ခွဲနိုင်ရန်အတွက် မြို့နယ်နိမိတ်နှင့် ကျေးရွာ နယ်နိမိတ်များကို သတ်မှတ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။