(စ)-မိုင်းပျဉ်းမြို့နယ် ဝမ်လုံကျေးရွာ တောင်သူလယ်သမား (၁၆)ဦးတို့၏ လယ်မြေဧက(၆၁)ဧကအား ဆည်ရေလုံလောက်စွာရရှိစေရန် သာမန်ကျောက်စီကွန်ကရစ်ဆည်ကို နမ့်ဟဲချောင်းရေအား သွယ်တန်း၍ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းမန်းကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာ တောင်သူ လယ်သမားများ၏ လက်ရှိလုပ်ကိုင်နေသည့် လယ် ၆၀ ဧကသည် ဆည်ရေလုံလောက်စွာရရှိရေး အတွက် နှစ်စဉ်နှစ်တိုင်း ဒေသထွက်ဖြစ်သည့် သစ်၊ ဝါး၊ ဝါးတိုင်၊ ဝါးကတ်များ စသဖြင့် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ပြုလုပ်ဖာထေးရပြီး ဆည်ရေအတွက် အခက်အခဲများစွာ ကြုံတွေ့လျက် ရှိပါကြောင်း၊ ဆည်ရေလုံလောက်မှု မရှိခြင်းကြောင့် စပါးအထွက်တိုးနှုန်း နည်းပါးသွားခြင်း၊ ကုန်ကျစရိတ်နှင့် စပါးရရှိမှုမျှတ ညီညွတ်မှုမရှိခြင်း၊ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်ခဲ့သော်လည်း လုပ်သလောက် အကျိုးခံစား ခွင့်မရရှိခြင်းတို့ကြောင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျပြီး ဒုက္ခမျိုးစုံကြုံတွေ့လျက် ရှိပါကြောင်း၊ မိုင်းမန်း ကျေးရွာအုပ်စု၊ ဝမ်လုံရွာနေ တောင်သူလယ်သမားများ၏ ဒေသဖြစ် လက်လုပ်ဆည် အစား သံကူကွန်ကရစ် မဟုတ်သည့် သာမန်ကွန်ကရစ်ကျောက်စီရေထိန်းဆည်ကို တည်ဆောက်ပေးခြင်းအားဖြင့် လယ်သွင်း ဆည်ရေ လုံလုံလောက်လောက်ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုင်းပျဉ်းမြို့နယ်၊ မိုင်းမန်းကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာ တောင်သူလယ်သမား ၁၆ ဦး၏ လယ်မြေဧက ၆၁ ဧကအား ဆည်ရေလုံလောက်စွာရရှိရေး အတွက် ပြည်ထောင်စုအစိုးရ၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေများဖြင့် သာမန်ကျောက်စီကွန်ကရစ်ဆည်ကို နမ့်ဟဲချောင်းရေအား သွယ်တန်းပြီး တည်ဆောက်ပေးမည့် အစီအစဉ်ရှိ ပါက မည်သည့်အချိန်တွင်တည်ဆောက်ပေး၍ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဆိုသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။