(င)-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များကိုအခြေခံပြီး ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် မည်ကဲ့သို့စီမံ ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံထားသောနိုင်ငံဖြစ်ပြီး မိမိတို့လွှတ်တော်က သီးနှံနှင့် ပတ်သက်သောအာမခံစနစ် စသည့်အဆိုများကိုလည်း အတည်ပြုပြီးသားဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ချက်များကို လုပ်ကိုင်ဆောင်ရွက်သည့်အခါ Infrastructure ပိုင်းဆိုင်ရာ များကို ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေအပါအဝင် သတင်းအချက်အလက်များကို မျှဝေပေးနိုင်ရန်လည်းလိုအပ်ပါကြောင်း၊ ကုန်သွယ်ရေးမူဝါဒများကို ပြန်လည်ဆန်းစစ်ရန်လိုအပ်သကဲ့သို့ ငွေကြေးလွယ်ကူစွာလည်ပတ်စီးဆင်းနိုင်ရန် Banking System များကိုလည်း ပြန်လည်စိစစ်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဒေသအလိုက် လိုက်လျောညီထွေမှုရှိသောသီးနှံနှင့် စိုက်ပျိုးရေး နည်း စနစ်များ၊ သွင်းအားစုများ၊ မျိုးစေ့များကို ထောက်ပံ့ပေးရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ရှားတော မဲဆန္ဒနယ်တွင် သဘာဝမြေဆီမြေလွှာသည် အလွန်ကောင်းမွန်ပါကြောင်း၊ ၎င်းသဘာဝအခြေအနေ ပေါ်မူတည်ပြီး Organic Farming ကို Pilot Project အနေဖြင့် သို့မဟုတ် GAP စနစ် အစရှိသည့် စိုက်ပျိုးနည်းစနစ်များကို Pilot Project အနေဖြင့် စီမံဆောင်ရွက်လိုက်ပါက ဒေသထွက်ကုန်များသည် ရောင်းတန်းမီသော၊ စံနှုန်းမီသော ဒေသထွက်ကုန်များဖြစ်လာနိုင်မည် ဖြစ်ပါကြော်း၊ ဒေသအလိုက် Pilot Project အနေဖြင့် စီမံဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးတွင် လိုအပ်နေသော သွင်းအားစုများနှင့်ပတ်သက်သော မျိုးစေ့များနှင့်ပတ်သက်သော ဥပဒေများ၊ ဓာတ်မြေသြဇာများနှင့် ပတ်သက်သော ဥပဒေများ၊ မွေးမြူရေးနှင့်ပတ်သက်သော ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များတွင် လိုအပ် လျက်ရှိနေသည့် ဥပဒေများ စသည့်ထောက်ပံ့မှုများကိုလည်း လိုအပ်နေမည် ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပါကြောင်း၊ ရေလုပ်ငန်းများကိုလည်း တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် လုပ်ကိုင်ဆောင်ရွက်နေ သည့် ရေလုပ်ငန်းများသည် မိမိတို့နိုင်ငံ၏ရေလုပ်ငန်းအတွက် များစွာအထောက်အပံ့ဖြစ်စေသည့် လုပ်ငန်း များ ဖြစ်ပါသော်လည်း တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ပါက တနင်္သာရီတိုင်းဒေသကြီးတွင် လိုအပ် လျက်ရှိသော Infrastructure ပိုင်းဆိုင်ရာများ များစွာရှိနေပါကြောင်း၊ ၎င်းကိစ္စရပ်များကိုလည်း ပံ့ပိုးပေးရန် လိုအပ်နေမည် ဖြစ်သည့်အတွက် WTO အဖွဲ့ဝင်နိုင်ငံအဖြစ်လည်း ၁၉၉၅ ခုနှစ်ကတည်းက ဝင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ WTO ၏စံနှုန်းများနှင့်လည်း ကိုက်ညီစွာလုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကျေးလက် နေပြည်သူဘဝများကို ဖွံ့ဖြိုးတိုးတက်ရန်အတွက် မဟာဗျူဟာများလည်း ချမှတ်ဆောင်ရွက်လျက် ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ အလားတူ ဈေးကွက်စီးပွားရေးစနစ်ကိုလည်း ကျင့်သုံးသည့်နိုင်ငံ ဖြစ်ပါကြောင်း၊ ပို့ကုန်/သွင်းကုန်ပမာဏများလည်း အချိုးညီမျှရန်လိုအပ်လျက်ရှိနေပါကြောင်း၊ ဘတ်ဂျက် လိုငွေများ ပြနေသောအနေအထားများကိုလည်း လျှော့ချရန်လိုအပ်နေပါကြောင်း၊ ဘတ်ဂျက်လိုငွေများ လျှော့ချရန်လိုအပ်သည့်အချိန်တွင် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများ ခိုင်မာအားကောင်းစေပြီး နိုင်ငံ၏ဘတ်ဂျက်လိုငွေများလျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များကိုအခြေခံပြီး ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် မည်ကဲ့သို့စီမံ ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။