(က) စာရင်းကိုင်စာရင်းစစ်များနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကြွရောက်လာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထား သောဧည့်သည်များအားလုံး ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦး ဖြစ်ပါ တယ်။ ကျွန်မမေးမယ့်မေးခွန်းကတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာလာမယ့် ၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်းတင်းပြည့်အဖွဲ့ဝင် ဖြစ်လာမှာဖြစ်ပါတယ်။ အဲ့ဒီအခါမှာ ဒေသတွင်း မှာရှိတဲ့ စီးပွားရေး၊ ဘဏ္ဍာရေးလုပ်ငန်းတွေအပြန်အလှန်၊ ကုန်သွယ်ရေးမူဝါဒတွေ ကြီးမားဖွံ့ဖြိုး မြန်ဆန်လာမှာဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ထိုစီးပွားရေးဘဏ္ဍာရေးလုပ်ငန်းများကို စောင့်ကြည့်မှု၊ အကဲခတ်မှု၊ စိစစ်မှု၊ တွက်ချက်သုံးသပ်မှုများပြုလုပ်နိုင်ရန်အတွက် အရည်အချင်း ပြည့်ဝပြီးကျွမ်းကျင်တဲ့ စာရင်းကိုင်၊ စာရင်းစစ်ပညာရှင်များအရေအတွက်အားဖြင့် များစွာလိုအပ်မည် ဖြစ်ပါတယ်။ အဆိုပါလိုအပ်ချက်များအရ မြန်မာနိုင်ငံစာရင်းကောင်စီမှ ပြုစုပျိုးထောင်လေ့ကျင့်ပေး ထားတဲ့ စာရင်းကိုင်၊ စာရင်းစစ်များအား အချိန်မီပိုမိုတိုးချဲ့လေ့ကျင့်ပေးရန် မည်သို့စီစဉ်ဆောင်ရွက် ထားသည်ကိုသိလိုပါတယ်။ အနည်းငယ်တိုတိုလေးရှင်းခွင့်ပြုပါဥက္ကဋ္ဌကြီးရှင့်။ အခုမြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်နဲ့ နိုင်ငံရေး၊ စီးပွားရေးတွေ ပြောင်းလဲတိုးတက်လာတဲ့အတွက်ကြောင့်မို့လို့ အရင်းအနှီးတွေ ပြည်တွင်းပြည်ပကနေတိုးတက်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာမယ့် အချိန်မှာ စီးပွားရေးလုပ်ငန်းတွေစနစ်တကျဆောင်ရွက်ဖို့ စီးပွားရေးလုပ်ငန်းတွေရဲ့ Performance ကို တိုင်းတာဖို့၊ တွက်ချက်ဖို့၊ စောင့်ကြည့်ဖို့ အရည်အချင်းပြည့်ဝတဲ့ CPA ပညာရှင်တွေများစွာ လိုအပ်တဲ့ အချိန်မှာ CPA ပညာရှင်များထုတ်လုပ်မှုဟာ များစွာကျဆင်းလာတာကို တွေ့ရပါတယ်။ ကျွန်မတို့ခေတ် ၁၉၇၄-၇၅ တုန်းကဆိုလို့ရှိရင် CPA အောင်ချက်ရာခိုင်နှုန်းဟာ ၇၀ ရာခိုင်နှုန်းကျော် ပါတယ်။ အခု ၂၀၀၉ CPA ၊ ကျွန်မတို့က ပထမ Batch အခု ၃၃/၃၄ Batch တွေမှာကျတော့ အောင်ချက်က ၂၀ ရာခိုင်နှုန်းထက် တဖြည်းဖြည်းကျနေပါတယ်။ သင်တန်းတက်တဲ့လူက ၁၀၀ ကျော် ရှိတယ်။ ၁၀၀ ကျော်မှာ ၂၀ ရာခိုင်နှုန်းပဲအောင်တယ်ဆိုတော့ တစ်နှစ်ကို CPA ထုတ်လုပ်မှု ဘယ်လောက်တောင် ကျဆင်းတယ်ဆိုတာ ထင်ရှားစွာတွေ့နိုင်ပါတယ်။ အဲ့ဒီတော့ CPA ဘာကြောင့် ထုတ်လုပ်မှုကျဆင်းသလဲဆိုရင် Academic ကြောင့်လား၊ စာမေးပွဲစနစ်ကြောင့်လား၊ နောက် သင်ကြားရေးဆရာတွေကြောင့်လား၊ အဲ့ဒါကို ကျွန်မတို့နည်းလမ်းရှာရပါမယ်။ အဲဒီတော့ ကျွန်မတို့ ခေတ်ကဆရာတွေလို Reference ကောင်းကောင်းပေးရမယ်။ နားလည်အောင်၊ တတ်ကျွမ်းအောင်၊ ကျောင်းသား စာမေးပွဲအောင်ဖို့ ဘယ်လိုသင်မလဲဆိုတဲ့ မေးခွန်းဟောင်းလေးပြန်ဖြေမယ်ဆိုတဲ့ ကိစ္စတွေလည်း လုပ်ဖို့လိုမယ်လို့ထင်ပါတယ်။ နောက်တစ်ခုက အခုနိုင်ငံတော်မှာလည်းကျင့်သုံးတယ်။ အထူးအားဖြင့် ACCA စာမေးပွဲ ကျွန်မတို့မြန်မာပြည်မှာကျတော့ ကျန်းမာရေးဆေးကျောင်းတွေမှာ ကျင့်သုံးတဲ့ Supplementary စာမေးပွဲဖြေတဲ့စနစ်တွေ CPA မှာကျင့်သုံးပေးမယ်ဆိုရင် ကျတဲ့ဘာသာ အားလုံးပြန်ဖြေစရာမလိုဘဲနဲ့ Supplementary နောက်ဆက်တွဲစာမေးပွဲဖြေခြင်းအားဖြင့် စာမေးပွဲ အောင်ချက်တွေလည်း ပိုပြီးကောင်းမွန်လာမယ်။ CPA အရည်အသွေး၊ အရေအတွက်တွေလည်း ပိုမိုထုတ်လုပ်နိုင်မယ်လို့အကြံပြုရင်း မေးခွန်းမေးမြန်းအပ်ပါတယ်။ မည်ကဲ့သို့စီစဉ်ထားသနည်း။ တကယ်လို့တိုးတက်ရန်မစီစဉ်ထားရင်လည်း မည့်သည့်အတွက်ကြောင့် မစီစဉ်နိုင်သနည်း။ မေးမြန်းပါသည်။