(ဂ) သာစည်-တောင်ပေါ်မီးရထားလမ်းပိုင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ သာစည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် သာစည်-တောင်ပေါ်ရထား ပြေးဆွဲမည့်ကိစ္စနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းမှာဖြစ်ပါတယ်။ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ သာစည်ဘူတာသည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းနှင့်အောက်ပိုင်း မြေပြန့်တောင်ပေါ် ဒေသများအား ချိတ်ဆက်ပေးသည့် မြန်မာ့မီးရထားများဖြတ်သန်းပြေးဆွဲခဲ့သည့် နေရာဖြစ်ပါတယ်။ မီးရထားလမ်းဆုံဘူတာလည်းဖြစ်ပါတယ်။ သာစည်ဘူတာနှင့်တောင်ပေါ်ဒေသများအား ဆက်သွယ်ရာ မီးရထားလမ်းပိုင်းတွင် ယခင်က သာစည်-လွိုင်ကော်၊ သာစည်-ရပ်စောက်၊ သာစည်- ရွှေညောင် စသဖြင့် အစုန်၊အဆန်ရထားသုံးစီးဖြင့် နေ့စဉ်ပြေးဆွဲခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှစ၍ သာစည်-ရပ်စောက် ရထားတစ်စီးသာ သာစည်ဘူတာမှ ထွက်ခွာပြေးဆွဲခဲ့ပြီး ကျန်ရထားများကို နေပြည်တော်ဘူတာမှ တိုက်ရိုက်ပြေးဆွဲခဲ့ပါတယ်။ သို့ဖြစ်ပါ၍ တောင်ပေါ်မြေပြန့် ခရီးသွားပြည်သူများသွားလာနိုင်ရေး အတွက်လည်းကောင်း၊ ဒေသထွက်ကုန်များ အချိန်မီရောင်းဝယ်နိုင်ခြင်းဖြင့် ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးအတွက်လည်းကောင်း သာစည်-တောင်ပေါ်မီးရထားလမ်းပိုင်းအတွက် မီးရထား တစ်စီး ထပ်မံပြေးဆွဲပေးနိုင်ခြင်း ရှိ၊ မရှိကို သိရှိလိုပါ၍ မေးမြန်းထားပါသည်။