(က)-ထီးချိုင့်မြို့နယ်၊ ထီးချိုင့်မြို့မဈေးလမ်းအနောက်ဘက်ရှိ စားသုံးသူရေးရာဦးစီးဌာနပိုင်လက်ရှိ အသုံးမပြုသေးသော မြေကွက်အား ထီးချိုင့်မြို့မဈေးတိုးချဲ့အသုံးပြုရန် လွှဲပြောင်းပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ထီးချိုင့်မြို့မဈေးသည် တိုးပွားလာသည့် မြို့ပြလူဦးရေနှင့် ၎င်းတို့နေ့စဉ်စားသောက်သုံးဆောင်ကြသည့် စားသုံးကုန်၊ အသုံးအဆောင်၊ အစားအသောက်တို့အတွက် ခင်းကျင်းရောင်းချရသော ဈေးဆိုင်ခန်းများ၏ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသည့် အခြေအနေဖြစ်ပါကြောင်း၊ ဈေး၏အနောက်ဘက် အများသူငါ သွားနေသည့် လမ်းမကြီးနံဘေးတွင် ကျူးကျော်ဝင်ရောက် ရောင်းချလာခဲ့သည်မှာ ၁၀ စုနှစ်ခန့်ရှိပြီ ဖြစ်ပါကြောင်း၊ ယခင်က လမ်းသွားလမ်းလာများအတွက် အနှောင့်အယှက် မဖြစ်သော်လည်း ယခုအခါ ဆွမ်းခံဆရာတော်များပင် လူကြည့်ရှောင်ကွင်းသွားရသည့် အနေအထားရောက်နေပြီး အထူးသဖြင့် မီးသတ်ကားဝင်မရသည့် ပြဿနာက မြို့အတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေပါကြောင်း၊ ၎င်းကိစ္စကို ဖြေရှင်းရန်အတွက် မိမိတို့အပါအဝင် မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ စုပေါင်းညှိနှိုင်းသည့်အခါ မြို့မဈေးတည်ရှိရာ အောင်ဇေယျာရပ်ကွက်တွင် ယခင်ကုန်သွယ်ရေး၊ ယခုစားသုံးသူရေးရာဦးစီးဌာနပိုင် ကွင်းအမှတ် (၈၃၇) ရှိ မြေကွက်အမှတ် (၄၁၇)၊ ဧရိယာ ဝ.၇၄ ဧကရှိ ဂိုဒေါင်ပါ ဝန်းတစ်ဝန်းနှင့် မြေကွက်အမှတ် (၃၉၄)၊ ဧရိယာ ဝ.၉၁ ဧကရှိ ဝန်းတစ်ဝန်း စုစုပေါင်းနှစ်ဝန်းရှိသည့်အနက် ယခုမြို့မဈေးနှင့် လမ်းမတစ်ခုသာခြားသော မြေကွက်အမှတ် (၃၉၄) ကို ဈေးအဖြစ်တိုးချဲ့ရန် တိုင်ပင်ကြရာက အဆိုပါမြေကွက်သည် ဌာနပိုင်အဆောက်အဦ လုံးဝမရှိသေးသည့် မြေကွက်တစ်ခုဖြစ်ပြီး လက်ဖက်ရည်ဆိုင်များ၊ ဈေးဆိုင်များနှင့် ကားဂိတ်များကို ဌာနမှနှစ်စဉ်စာချုပ်ဖြင့် အငှားချထား ပေးလျက်ရှိပါကြောင်း၊
ထို့ကြောင့် စားသုံးသူရေးရာဦးစီးဌာနပိုင် မြေကွက်အမှတ် (၃၉၄) ကို မြို့မဈေးတိုးချဲ့နိုင်ရေးအတွက် ထီးချိုင့်မြို့နယ် စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးအပ်နိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။