(ဈ) မူးမြစ်ကူးတံတားနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဧည့်သည်တော်များ၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပင်လည်ဘူး-အင်ကုန်းမူးမြစ်ကူးတံတားနဲ့ပတ်သက်ပြီး တင်ပြမေးမြန်း သွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဧည့်သည်တော်များ ခင်ဗျား။ ကျွန်တော်တို့ ပင်လည်ဘူးမြို့နယ်ဟာ လူဦးရေတစ်သိန်းကျော်နေထိုင်တဲ့ ကုန်းတွင်းပိတ် မြို့တစ်မြို့ဖြစ်ပါတယ်။ မြို့နယ်အတွင်းစီးဆင်းနေတဲ့မူးမြစ်ကြီးဟာ ပင်လည်ဘူးမြို့နယ်ရဲ့ အလယ်မှ ဖြတ်သန်းစီးဆင်းလျက်ရှိပါတယ်။ မူးမြစ်ကူးတံတားမရှိသည့်အတွက် ဒေသခံပြည်သူများမှာ နှစ်စဉ် ယာယီတံတားထိုး၍ သွားလာနေကြရပါတယ်။ မူးမြစ်ကူးတံတားမရှိသည့်အတွက် သွားလာရေးအလွန် ခက်ခဲလှပါတယ်။ ပင်လည်ဘူး-ဖောင်းပြင်လမ်းဟာ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှစ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူထိန်းသိမ်းလျက်ရှိပါတယ်။ လာမည့်ဘတ်ဂျက်နှစ်များမှာလည်း လမ်းအဆင့် မြှင့်တင်ခြင်း၊ အကြီးစားပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းသိရှိရပါတယ်။ ပင်လည်ဘူး-ဖောင်းပြင်လမ်းပေါ်မှာရှိတဲ့ ပင်လည်ဘူး-အင်ကုန်းမူးမြစ်ကူး တံတားတည်ဆောက်ပေးမည်ဆိုပါက ပင်လည်ဘူးမြို့နယ်မှ ဒေသခံပြည်သူများသွားလာရေး လွယ်ကူ ချောမွေ့စေရေးဖြစ်သည့်အပြင် အထက်ချင်းတွင်းဒေသဖြစ်သော ဖောင်းပြင်၊ ဟုမ္မလင်း၊ ထမံသီ၊ ခန္တီးမြို့များနှင့်အခြားမြို့နယ်များသို့ ရာသီမရွေးဆက်သွယ်သွားလာနိုင်မှာဖြစ်တဲ့အတွက် ပင်လည်ဘူး-အင်ကုန်းမူးမြစ်ကူးတံတားတည်ဆောက်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ  တည်ဆောက်ပေးမည်ဆိုပါက မည်သည့်ကာလမှာ တည်ဆောက်ပေးမည်ကိုသိရှိလိုကြောင်း မေးမြန်းထားပါသည်။