(က) ပြည်ပမှလာရောက်ဆောင်ရွက်နေကြသော အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-26

 လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့နိုင်ငံအတွင်းမှာ ပြည်ပကနေပြီးတော့မှ လုပ်ငန်းတွေလာaရောက်ဆောင်ရွက်နေကြတဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းများရဲ့ လုပ်ငန်းဆောင် တာများဆောင်ရွက်မှုအခြေအနေကို သိရှိလိုပါသဖြင့် မေးမြန်းခွင့်ပြုပါရန်တင်ပြအပ်ပါတယ်။ ပထမ တစ်ချက်မေးချင်တာကတော့ မြန်မာနိုင်ငံအတွင်းမှာပြည်ပမှလာရောက်ဆောင်ရွက်နေကြတဲ့ အစိုးရ မဟုတ်သောအဖွဲ့အစည်းများမည်မျှရှိသည်။ ၎င်းဆောင်ရွက်နေသည်‌့ လုပ်ငန်းအမျိုးအစားမည်မျှရှိ သည်ကိုသိလိုပါတယ်။ ဒုတိယအချက်အနေနဲ့တော့ အဆိုပါ ပြည်ပမှလာရောက်ဆောင်ရွက်နေကြတဲ့ လူမှုရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများကို လက်ခံဆောင်ရွက်ရာမှာကျင့်သုံးတဲ့ မူဝါဒများကိုသိလိုပါတယ်။ တတိယအချက်အနေနဲ့ကတော့ အဆိုပါအစိုးရမဟုတ်သော အဖွဲ့အစည်း များနဲ့ ချုပ်ဆိုထားတဲ့စာချုပ်တွေမည်မျှရှိသည်ကိုသိလိုပါတယ်။ ယင်းတို့ရဲ့လုပ်ငန်းဆောင်တာများကို ကျွန်တော်တို့အနေနဲ့ကြီးကြပ်ညှိနှိုင်းမှုများကိုလည်း သိရှိလိုပါတယ်။ စတုတ္ထအချက်အနေနဲ့တော့ အဆို ပါအဖွဲ့အစည်းများအနေနဲ့ မိမိနိုင်ငံအတွင်းအကျိုးပြုလုပ်ငန်းများဆောင်ရွက်တဲ့အခါမှာ တွေ့ကြုံရတဲ့ အားနည်းချက်၊ အားသာချက်များအပေါ်မှာ လေ့လာသုံးသပ်ချက်များကိုလည်း သိရှိလိုပါတယ်။ နောက် ပဉ္စမအချက်အနေနဲ့ကတော့ အဆိုပါအစိုးရမဟုတ်သောအဖွဲ့အစည်းများအနေနဲ့ အပြည်ပြည် ဆိုင်ရာဥပဒေများ၊ ပြည်တွင်းမှပြဋ္ဌာန်းထားသော ဥပဒေများ၊ မူလသဘောတူညီချက်စာချုပ်ပါ စည်းကမ်းများ၊ ဒေသဆိုင်ရာဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာမှု၊ ကျူးလွန် ဖောက်ဖျက်မှုအခြေအနေများအပေါ်မှာ ရှိပါကလေ့လာသုံးသပ်ထားချက်များကို သိရှိလိုပါတယ်။ နံပါတ်ခြောက်အချက်အနေနဲ့ကတော့ အဆိုပါအစိုးရမဟုတ်သော အဖွဲ့အစည်းများအနေနဲ့ မိမိတို့ နိုင်ငံအတွင်းလာရောက်သည့်အခါ ယူဆောင်လာတဲ့နိုင်ငံခြားသုံးငွေများနဲ့ ပတ်သက်ပြီးတော့မှ မည်‌့ကဲ့သို့ စိစစ်ကြီးကြပ်ဆောင်ရွက်တာကိုလည်းသိလိုပါတယ်။ နံပါတ်ခုနစ်အချက်အနေနဲ့ကတော့ အဆိုပါအစိုးရမဟုတ်သော အဖွဲ့အစည်းများအတွင်းမှ အချို့သောအဖွဲ့အစည်းများသည် ဘာသာရေး အဖွဲ့အစည်းအမည်ခံ၍ဖြစ်စေ၊ အခြားအမည်တစ်ခုဖြင့်ဖြစ်စေ၊ လူမှုကယ်ဆယ်ကူညီထောက်ပံ့ရေး လုပ်ငန်းများတွင် မိဘမဲ့ကလေးသူငယ်များကယ်ဆယ်စောင်‌့ရှောက်ရေး၊ အမျိုးသမီးငယ်များအား အလုပ်အကိုင်ရှာဖွေပေးရေးစသည့်ပုံစံတစ်မျိုးမျိုးဖြင့် လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်တယ်လို့ ကြားသိ ရပါတယ်။ အဲဒါ ရှိ၊မရှိသိလိုပါတယ်။ အဋ္ဌမအချက်အနေနဲ့ ကျွန်တော်တို့နိုင်ငံအတွင်းမှာလည်း ပြည်တွင်းပုဂ္ဂလိက၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများရှိပါတယ်။ အဲ့ဒီအဖွဲ့အစည်းတွေ အရေအတွက် မည်မျှရှိသည်။ အဲ့ဒီ လူမှုရေးအဖွဲ့အစည်းများရဲ့လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ အပေါ် လေ့လာတွေ့ရှိချက်များကိုလည်း သိရှိလိုကြောင်းမေးမြန်းထားပါသည်။