(ခ) ဘာသာရေးဆိုင်ရာအခမ်းအနားများ ခွင့်ပြုမိန့်တောင်းခံခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆန္ဒပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်း ဖြစ်ပါတယ်။ ကျွန်တော်တင်ပြ မေးမြန်းလိုတဲ့ မေးခွန်းကတော့ ဘာသာရေးဆိုင်ရာအခမ်းအနားများ ခွင့်ပြုမိန့်တောင်းခံရခြင်းနှင့် စပ်လျဉ်းပြီးတော့မှ မေးမြန်းတင်ပြလိုခြင်းဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံအတွင်း ပြည်သူများဟာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရရှိကြတဲ့အတွက် မိမိတို့ယုံကြည်တဲ့ဘာသာကို လွတ်လပ်စွာကိုးကွယ်လျက်ရှိကြပါတယ်။ ဘာသာရေး ဆိုင်ရာအဖွဲ့အစည်းအသီးသီးလည်း မြို့နယ်တိုင်းမှာရှိကြပြီးတော့မှ ဘာသာရေးဆိုင်ရာအခမ်းအနား များကိုလည်းပဲ မြို့နယ်တိုင်းလိုမှာပဲ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြပါတယ်။ ယခုကဲ့သို့ ဘာသာရေး ဆိုင်ရာအခမ်းအနားများကို နှစ်စဉ်အစဉ်အလာမပျက်ပြုလုပ်ကြတဲ့အခါမှာ အုပ်ချုပ်ရေးအဖွဲ့များသို့ ခွင့်ပြုချက်တောင်းခံကြရပါတယ်။ ယနေ့အချိန်အထိ အချို့မြို့နယ်များမှာ မြို့နယ်အဆင့်အုပ်ချုပ်ရေး အဖွဲ့ကတာဝန်မယူနိုင်တဲ့အခါမှာ ခရိုင်အဆင့်မှတစ်ဆင်‌့ တိုင်းဒေသကြီးအဆင့်ထိ တစ်လကြိုတင်၍ အဆင့်ဆင့် တင်ပြခွင့်ပြုချက်တောင်းခံပြီးတော့မှ အခမ်းအနားကျင်းပတဲ့ရက်နီးတဲ့ အချိန်အထိကို ခွင့်ပြုချက်မရတဲ့အခါမှာ တာဝန်ယူဆောင်ရွက်ကြရတဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများနဲ့ ဘာသာ ဝင်များဟာ စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးက အတည်ပြုပြဋ္ဌာန်းပေးခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့်ဆိုင်ရာဥပဒေမှာ ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိစ္စဆောင်ရွက်လိုပါက ခွင့်ပြုမိန့်ကို အနည်းဆုံး ၇ ရက်ကြိုတင်၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ပြုထားသည့်အတွက် အဆိုပါကိစ္စဆောင်ရွက်ရာမှာ လျင်မြန်လွယ်ကူစွာ ဆောင်ရွက် နိုင်ကြရမှာဖြစ်ပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်ပါ၍ အထက်ပါကိစ္စ နည်းတူ ဘာသာရေးဆိုင်ရာ အခမ်းအနားများပြုလုပ်ရန် ခွင့်ပြုမိန့်တောင်းခံတဲ့ကိစ္စမှာ သက်ဆိုင်ရာ မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ။ အစီ အစဉ်ရှိပါက မည့်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကိုလည်းကောင်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးနိုင်သေးသည်ကိုလည်းကောင်း ဖြေကြားပေးပါရန် လေးစားစွာမေးမြန်းထားပါသည်။