(ဃ) ပုဂ္ဂလိကဆေးဝါးစက်ရုံများထူထောင်ခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော် များအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ချမ်းသာကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ နမ့်ခမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုင်းကျော်အုန်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ပုဂ္ဂလိက ဆေးဝါးစက်ရုံနဲ့ ပတ်သက်ပြီးတော့ မေးခွန်းမေးမြန်းသွား မှာဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုလက်ရှိအချိန်မှာ MPF မှ ပြည်တွင်းထုတ်နိုင်ငံခြားဆေးဝါးများ လုံလောက်မှုမရှိခြင်းကြောင့် အမေရိကန်ဒေါ်လာသန်းပေါင်း မြောက်မြားစွာသုံးစွဲကာ ပြည်ပမှဆေးဝါးများ တင်သွင်းနေရခြင်းကြောင့် ပြည်သူများ ဈေးနှုန်း မြင့်မားစွာ ပေး၍သုံးစွဲနေရသည်သာမက ဆေးဝါးအတုများလည်း များစွာတွေ့ရှိနေရသည့်အတွက် ပြည်သူများအတွက် ရင်လေးရပါတယ်။ တကယ်လို့ ပြည်တွင်းမှာ ပုဂ္ဂလိကဆေးဝါးစက်ရုံများ တည်ထောင်ခွင့်ပြုမယ်ဆိုရင် (၁) ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ခြင်း၊ (၂)ဆေးဝါး အတုအန္တရာယ်ကင်းဝေးနိုင်ခြင်း၊ (၃) ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းတိုးပွားစေခြင်း၊ (၄) နိုင်ငံခြားသုံးငွေ FE(foreign Exchange)ပြည်ပသို့ စီးထွက်မှုမရှိခြင်းကြောင့် နိုင်ငံတော်၏ ဓန အင်အားကို ထိခိုက်မှုမရှိခြင်း စတဲ့အကျိုးစီးပွားတွေ ရရှိမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အနောက် တိုင်းဆေးဝါးစက်ရုံတည်ဆောက်ရာမှာ အချိန်နဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု မြောက်မြားစွာ လိုအပ်သည် သာမက ကျွမ်းကျင်ပညာရှင် Expert, Qulified Technician များဖြင့် သတ်မှတ်ထားတဲ့ ကောင်းမွန် သော ထုတ်လုပ်နည်းစဉ် GMP(Good Manufacturing Products Approach Practices for Many Communicate Products )တိတိကျကျလိုက်နာရန် အထူးလိုအပ်ပါတယ်။ ဒါ့အပြင် အာနိသင်ရှိမှုနဲ့ ဘေးအန္တရာယ်ကင်းရှင်းမှု(Safety)၊ အရည်အသွေးပြည့်မီမှု(Quality) ဆိုင်ရာအချက် များကိုလည်း သိရှိရန်လိုအပ်ပါတယ်။ ပုဂ္ဂလိကဆေးဝါးစက်ရုံများ ရှိလာမယ်ဆိုရင် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ FDA ဌာနမှာ ဝန်ထုပ်ဝန်ပိုးကြီးမားလာမှာကို တွေ့ရှိရမှာပါ။ ဥပမာအားဖြင့် ချောင်းဆိုးရင်ကြပ်ဝေဒနာများမှာ အသုံးပြုတဲ့ Aftimine အဖြစ်သို့ Hydrochlorideကို စိတ်ကြွဆေး Aftimine အဖြစ်သို့ ပြောင်းလဲထုတ်လုပ်နိုင်တဲ့အတွက် ဆေးဝါးစက်ရုံများကို စနစ်တကျကြပ်မတ် ကွပ်ကဲရန် အထူးလိုအပ်ပါတယ်။ အခုလက်ရှိ FDA အစားအစာနှင့် ဆေးဝါးများကွပ်ကဲရေးဌာနရဲ့ ဝန်ထမ်းဦးရေ နည်းပါးနေသေးတယ်လို့ ထင်မြင်ယူဆမိပါတယ်။ အကြောင်းကတော့ သောက်ရေသန့် အတွက် ကျန်းမာရေးမှတ်ပုံတင်အမှတ် Registration Number ရယူနိုင်ဖို့ တစ်လကျော်ကျော် အချိန်ကြန့်ကြာခဲ့တာကို ကိုယ်တွေ့ကြုံခဲ့ရခြင်းဖြစ်ပါတယ်။ လာမယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ် ရသုံးခန့်မှန်းခြေငွေစာရင်းမှာ အသုံးစရိတ်စုစုပေါင်း ကျပ်သန်းပေါင်း ၃၆၇၉၇၀.၃၇၅ သန်း လျာထားပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် လေးဆတိုးတက်လျာထားတွေ့ရှိခဲ့ရတဲ့အတွက် FDA ဌာနဝန်ထမ်းများ ထပ်တိုးပြီး ခန့်ထားနိုင်တော့မှာ ဖြစ်ပါတယ်ခင်ဗျား။
ဒီအတွက်ကြောင့် ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူများရဲ့အကျိုး၊ နိုင်ငံတော်ရဲ့အကျိုးကို မျှော်ကိုးပြီး ပုဂ္ဂလိဆေးဝါးစက်ရုံများကို အချိန်အခါနဲ့ လိုက်လျောညီထွေမှုရှိသင့်ပြီလို့ ထင်မြင်ယူဆမိတဲ့အတွက် ကြောင့် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်။ (၁) ပြည်တွင်း၌ ပုဂ္ဂလိကဆေးဝါးစက်ရုံများ တည်ထောင်ခြင်းကို ခွင့်ပြုပေးနိုင်ရန် အစီအစဉ်ရှိပါသလား။ (၂) အစီအစဉ်ရှိပါက မည်သို့သော အချိန်ကာလတွင် စီစဉ်ဆောင်ရွက်ပေးပါမည်နည်း။ (၃) အစီအစဉ်မရှိပါက အဘယ်ကြောင့်နည်း။ မေးမြန်းထားပါသည်။