( စ ) လူနေရပ်ကွက်အတွင်းရှိ စက်ရုံများနှင့်စပ်လျဉ်းသည့် မေးခွန်း
လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အရင်ဆုံး ကျွန်တော် မေးမယ့်မေးခွန်း ကတော့ ရန်ကုန်မြို့တော်အတွင်း လူနေရပ်ကွက်များမှာ စက်ရုံ၊ အလုပ်ရုံကြီးများ ယနေ့အထိ တည်ရှိ နေသည်ကို သိပါသလား။ ဒုတိယမေးခွန်းကတော့ ငမိုးရိပ်ချောင်းဘေးမှာ တည်ဆောက်ထားတဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၄)ရပ်ကွက်ရှိ ကုမ္ပဏီတစ်ခုမှ ပိုက်တိုင်များ ထုတ်လုပ်သည့်စက်ရုံ ကြောင့် အဆိုပါရပ်ကွက်ရှိ ရေနံ့သာလမ်းမကြီး ပျက်စီးသွားရခြင်း၊ ရပ်ကွက်သူရပ်ကွက်သားများ သွားလာရန် အန္တရာယ်ကြုံတွေ့နေရခြင်း၊ မိုးတွင်းရေလျှံသည့်အခါ ၎င်းစက်ရုံမှတစ်ဆင့် ရေများစက်ရုံ အတွင်းသို့ဝင်လာပြီး နေအိမ်များရေမြုပ်ခြင်းစသည်တို့ ဖြစ်ခဲ့သည့်အပြင် ပစ္စည်းသယ်ကားကြီးများ အမြဲဝင်ထွက်မှုနှင့် စက်ရုံ၏ဆူညံမှုတို့ကြောင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ ညစဉ်အိပ်ရေးပျက် ကြပြီး ကျန်းမာရေးထိခိုက်မှုရှိပါသောကြောင့် ယင်းကိစ္စအား နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့ ြဖေရှင်းပေးပါမည်နည်း။ (ဂ) လူနေရပ်ကွက်များအတွင်းရှိ စက်ရုံကြီးများကို သက်ဆိုင်ရာစက်မှုဇုန်သို့ ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးပါ မည်နည်းမေးမြန်းထားပါသည်။