(ည) လမ်းများပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြား၍ တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း မေတ္တာပို့သဂါရဝ ပြုအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် ဖြစ်ပါတယ်။ မြင်းခြံ-နွားထိုးကြီး-မြစ်သား-ရေဝန်း-မန္တလေးလမ်းပိုင်းဟာ မိုင် ၁၀၀ ဝေးကွာပြီး ယခင်က မြင်းခြံမြို့မှ မန္တလေးသွားရာမှာ ယာဉ်မောင်းချိန် ၃ နာရီနဲ့ရောက်ရှိ ပါတယ်။ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များကို နေ့ချင်းပြန်သွားရတဲ့ခရီး ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အဆိုပါလမ်းအား အာရှမြန်မာစီးပွားရေးလုပ်ငန်းစု ဆောက်လုပ်ရေးကုမ္ပဏီကို လမ်း ဖြတ်သန်းခကောက်ခံခွင့် ချထားပေးခဲ့သော်လည်း လမ်းအား လုံးဝထိန်းသိမ်းခြင်း၊ ပြုပြင်ဆောင်ရွက် ခြင်းမရှိဘဲ လမ်းဖြတ်သန်းခ ကောက်ခံရရှိငွေကို ကုမ္ပဏီအကျိုးအမြတ်အဖြစ် ရယူဆောင်ရွက်သွား ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ မြင်းခြံ-နွားထိုးကြီး-မြစ်သား-ရေဝန်းလမ်း မိုင်တိုင် ၂/၃ မှ ၅၆/၂ ထိ ၅၃.၇မိုင်ကို Gulf Power Construction Co.,Ltd အား ၁-၄-၂၀၁၁ နေ့မှ စ၍ ချထားပေးခဲ့ပြီး လမ်းဖြတ်သန်းခများ ကောက်ခံလျက်ရှိပါတယ်။ လမ်းများပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ လမ်းအင်္ဂါရပ် နှင့်အညီ ဆောင်ရွက်ခြင်း အားနည်းသဖြင့် ယာဉ်တိုက်မှုများစွာဖြစ်ရခြင်း၊ မြင်းခြံ-ရေဝန်း-မန္တလေးသို့ သွားရာမှာ မိုင် ၁၀၀ ခရီးကို ခြောက်နာရီမျှ ကားမောင်းရခြင်း၊ မြင်းခြံမှ အမြန်လမ်းဆုံရာဖြစ်တဲ့ ပြင်စီ Underpass အထိ မိုင် ၄၀ ခရီးကို နှစ်နာရီမျှ အချိန်ယူ၍ ကားမောင်းရခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရပါတယ်။ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ခရိုင်မြို့နယ် အင်ဂျင်နီယာများမှ ဤလမ်းကို အကြိမ်ကြိမ်ကွင်းဆင်းစစ်ဆေးသော်လည်း လမ်းမှာတိုးတက်ကောင်းမွန် လာခြင်းမရှိပါ။ ဒါကြောင့် မြင်းခြံ-နွားထိုးကြီး-မြစ်သား-ရေဝန်းလမ်း ၅၃.၇ မိုင်အား စာချုပ်ပါစည်းကမ်း များနှင့်အညီ အမြန်ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါ၍ ဒေသခံပြည်သူများ၏ကိုယ်စား မေးမြန်းရခြင်းဖြစ်ပါကြောင်း မေးမြန်းထားပါသည်။