(ဋ) ပြည်ထောင်စုလမ်းမကြီး ပြန်လည်ပြုပြင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
ဦးမောင်လှ(ပုလောမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလော မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှ ဖြစ်ပါတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်း ဒေသကြီးမှာ တောင်နှင့်မြောက်လမ်းအရှည် ၅၁၂ မိုင် ၆ ဖာလုံရှိသော ပြည်ထောင်စုလမ်းမကြီးသည် တောင်ဘက်ကော့သောင်းမြို့မှ မြောက်ဘက် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ မလွှဲတောင် နယ်စပ်အထိဖြစ်ပါသည်။ ပြည်ထောင်စုလမ်းမကြီးသည် တိုင်းရင်းသားညီအစ်ကို သွေးချင်းများ ချစ်ကြည်ရင်းနှီးကူးလူးဆက်ဆံသွားလာနိုင်ရန် မြန်မာနိုင်ငံတောင်ဘက်မှ မြောက်ဘက်အဆုံး သွေးချင်းညီအစ်ကိုများဖြစ်သည့် မွန်၊ ကရင်မှစ၍ ရှမ်း၊ ကချင်အဆုံး တစ်နိုင်ငံလုံးဆက်စပ် ဖောက်လုပ်ထားသော ပြည်ထောင်စုလမ်းမကြီးဖြစ်ပါသည်။ ၎င်းပြည်ထောင်စုလမ်းမကြီးသည် တိုင်းရင်းသားညီအစ်ကိုများနေထိုင်သော အခြားပြည်နယ်/တိုင်းဒေသကြီးတွေမှာ လမ်းအပိုင်းများ ကောင်းမွန်၍ ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးမှာ တောင်ဘက်ကော့သောင်းမြို့မှ ခမောက်ကြီး မြို့နယ်ခွဲ ယုဇနဆီအုန်းစိုက်ခင်းအထိ မိုင်၅၀ကိုသာ ကတ္တရာလမ်းအချောခင်းထားပြီး ခရသီရိမြို့နယ်ခွဲ မှ ဘုတ်ပြင်း၊ ဘုတ်ပြင်းမှ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲမှ တနင်္သာရီ-မြိတ်အပိုင်း၊ မြိတ်မှ ပုလော၊ ပုလောမှပလောက်၊ ပလောက်မှ သရက်ချောင်းမြို့နယ်အပိုင်း၊ ရေဖြူ-ကလိန်အောင်၊ မလွှဲတောင်နယ်စပ်အထိ လမ်းအပိုင်းမှာ ပျက်စီးနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်း ဒေသကြီးသည် မိုးရေချိန်လက်မများသည့်အပြင် တစ်နှစ်လျှင် မိုးရှစ်လခန့် ရွာသွန်းသည့်အတွက် ကြောင့်လမ်းများသည် ချိုင့်မှချောက်များ ဖြစ်သွားရပါသည်။ ကလိန်အောင်နှင့်ထားဝယ် နှစ်နာရီ ခရီးကို ငါးနာရီလောက်သွားရသဖြင့် အချိန်ကြာမြင့်ပြီး အခြားလမ်းအပိုင်းတွေမှာလည်း ယခုအတိုင်း ဖြစ်နေ၍ တနင်္သာရီတိုင်းဒေသကြီးရှိ ပြည်ထောင်စုလမ်းမကြီးသည် အခြားသော ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးမှ ပြည်သူများနှင့်ကုန်စည်များ တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ကုန်စည်များကို အခြားပြည်နယ်တိုင်းဒေသကြီး အသီးသီး သို့လည်းကောင်း ကူးလူးဆက်သွယ်ပို့ဆောင်ရာတွင် အသုံးပြုလျက်ရှိသည့် တစ်ခုတည်းသော ပြည်ထောင်စုလမ်းမကြီး ဖြစ်ပါတယ်။ မိုးရာသီရောက်တိုင်း ရာသီဥတုဆိုးရွားမှုကြောင့် ကုန်ပစ္စည်း များအား ရေကြောင်းလမ်းမှ သယ်ယူရန် ကန့်သတ်ချက်များရှိပါသဖြင့် ပြည်ထောင်စုလမ်းမကြီးကိုသာ အားကိုးအားထားပြုလျက် မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ရပါတယ်။ အကယ်၍ မိုးရာသီတွင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ထောင်စုလမ်းမကြီးပြတ်တောက်သွားပါက ကုန်စည်စီးဆင်းမှု ရပ်တန့်သွားနိုင်ပြီး အကျိုးဆက်များအဖြစ် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကုန်ပစ္စည်းရှားပါးပြတ်လပ်ခြင်း နှင့် ဒေသခံစီးပွားရေးထိခိုက်နစ်နာမှုများဖြစ်ပေါ်လာနိုင်ပါသည်။ ရေး-ချောင်း-ထားဝယ်-ရေဖြူပိုင်းမှာ သွားလာနိုင်သည့်အဆင့်ရှိပြီး ရေး-ချောင်း-ပုလော-မြိတ်-ထားဝယ်-ဘုတ်ပြင်း-ခမောက်ကြီးလမ်းပိုင်းမှာ ယိုယွင်းပျက်စီးနေသဖြင့် ရန်ကုန်-မြိတ်တစ်ညအိပ်နှစ်ရက်ခရီးကို နှစ်ညအိပ်သုံးရက်ခရီးသွားလာ နေရ၍ ခရီးသွားပြည်သူများအချိန်ကြာမြင့်သဖြင့် ပင်ပန်းဒုက္ခကြီးစွာသွားလာနေရပါသည်။ လမ်း အပိုင်းအလိုက် ထိန်းသိမ်းပြီး B.O.T စနစ်မရှိသဖြင့် အလွန်ပျက်စီးလျက်ရှိနေကြောင်း တွေ့ရှိရ ပါသည်။ ပြည်ထောင်စုလမ်းမကြီး၏ ထားဝယ်-ရေးကားလမ်းမိုင်တိုင်အမှတ် ၄၆/၁ အနီးရှိ ၆၀၄ ပေအရှည်တံတားအမှတ် ၁/၄၇ ကလိန်အောင်တံတား၊ မိုင်တိုင်အမှတ် ၄၆/၃ အနီးရှိ ၁၆၀ ပေ အရှည်တံတားအမှတ် ၃/၄၇ တံတားဖြူတံတားတို့သည် အင်္ဂလိပ်လက်ထက် ၁၉၃၉ ခုနှစ်ကတည်းက တည်ဆောက်ထားသော အောက်ခြေအမျိုးအစားကွန်ကရစ်၊ အပေါ်ထပ်အမျိုးအစား သံပေါင် သစ်သားခင်းတံတားများ ဖြစ်ကြပါသည်။ အဆိုပါတံတားနှစ်စင်း၏ကြံ့ခိုင်မှုအား နှစ်စဉ်စိစစ်လျက် လိုအပ်ချက်များအား ပြင်ဆင်ပေးလျက်ရှိပါသော်လည်း တံတားများမှာသက်တမ်းအားဖြင့် ၇၃ နှစ် ရှိပြီဖြစ်ကြောင်းနှင့် ကြံ့ခိုင်မှုအခြေအနေမှာအန္တရာယ်ရှိနိုင်သည့် အနေအထားတွင်ရောက်ရှိနေ ပါသည်။ အဆိုပါတံတားသည် ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးနှင့် အခြားပြည်နယ်/တိုင်း ဒေသကြီးများဆက်သွယ်ရာတစ်ခုတည်းသော ပြည်ထောင်စုလမ်းမကြီးအပေါ်တွင်ရှိပြီး ၎င်းတံတား ပြိုကျပျက်စီးခဲ့မည်ဆိုပါက လမ်းလွှဲပြုလုပ်ရန် အလွန်ပင်ခက်ခဲကြောင်း အဆိုပါတံတားနှစ်စင်းအား အမြဲတမ်းသံကူကွန်ကရစ်တံတားအဖြစ်အသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ ပြည်ထောင်စု လမ်းမကြီးကိုလည်း အခြားပြည်နယ်/တိုင်းဒေသကြီးလမ်းများကဲ့သို့ အဆင့်မြင့်လမ်းမကြီးများအဖြစ် ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ အကယ်၍အစီအစဉ်ရှိပါကမည်သည့်အချိန်တွင်ဆောင်ရွက်ပေးမည်။ ပြည်ထောင်စုလမ်းမကြီးဖြစ်သဖြင့် ပြည်ထောင်စုအစိုးရမှ ဦးစားပေးဆောင်ရွက်ပေးပါရန် တနင်္သာရီ တိုင်းဒေသကြီး ပြည်သူလူထုရဲ့ဆန္ဒအရ လေးစားစွာတင်ပြထားပါသည်။