(ဌ) ရပ်စောက်-ပင်းတယလမ်းနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နှင့် ပင်းတယမြို့ဆက်သွယ်သောလမ်းပိုင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရေးဆိုင်ရာမေးခွန်းကို မေးမြန်းသွားမှာဖြစ်ပါတယ်။ လေးစားအပ် ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရပ်စောက်မြို့၊ ပင်းတယမြို့၊ အောင်ပန်းမြို့များ သို့ဆက်သွယ်ထားသော လမ်းတံတားများကောင်းမွန်ပြီး ခရီးသည်များသွားလာမှုအဆင်ပြေချောမွေ့ စေရန်နှင့် ကုန်စည်စီးဆင်းမှုလျင်မြန်လွယ်ကူစေရန်အတွက် မြို့နယ်အချင်းချင်းဆက်သွယ်သော လမ်းတံတားများကောင်းမွန်ရန်လိုအပ်လျက်ရှိပါတယ်။ ရပ်စောက်-ပင်းတယ-အောင်ပန်းလမ်းအပိုင်းရှိ ရပ်စောက်-ပင်းတယလမ်းအရှည် ၃၂ မိုင်တွင် ကတ္တရာလမ်း ၅ မိုင်ခင်းပြီးဖြစ်၍ ကျန် ၂၇ မိုင်ကို ကျောက်ကြမ်းလမ်းမှ ကတ္တရာလမ်းအဖြစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် များကိုသိရှိလိုပါ၍ အစီအစဉ်ရှိ၊ မရှိ လေးစားစွာတင်ပြမေးမြန်းထားပါသည်။