(က) စပါးနှင့်အခြားကောက်ပဲသီးနှံများ ဈေးနှုန်းသတ်မှတ်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်း ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့မှာ ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ် အဆိုတင်သွင်းခဲ့တဲ့သီးနှံများကို ကာလအလိုက်၊ ဒေသအလိုက်၊ သီးနှံ အမျိုးအစားအလိုက် အချိန်ကာလသတ်မှတ်၍ အနိမ့်ဆုံးဈေးနှုန်းအာမခံမှု (Minimun Purchase Guarantee Price)ကို ဈေးကွက်စီးပွားရေးမူဘောင်အတွင်းမှ ပြည်ထောင်စုအစိုးရ၏ ကြီးကြပ်မှုဖြင့် ကြိုတင်သတ်မှတ် ဆောင်ရွက်ပေးနိုင်ရေးအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးပြီး အတည်ပြုပေးခဲ့ကြပါတယ်။ ယနေ့ စပါးပေါ်ချိန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ကော့မှူး မြို့နယ်များကို သွားရောက်တဲ့ အခါမှာ လယ်သမားကြီးများတင်ပြတဲ့ စပါးဈေးနှုန်းကတော့ မြို့နယ် အကွာအဝေး၊ ကျေးရွာအကွာအဝေးပေါ်မှာ မူတည်ပြီးတော့မှ စပါးဈေးဟာ၂၅၀၀၀၀ ကနေပြီးတော့မှ အများဆုံး ၃၀၀၀၀၀ အထိ ပဲပေါက်တာတွေ့ရပါတယ်။ ဒီဈေးဟာ စပါးတစ်ဧက တင်း ၄၀ သာ ထွက်တဲ့ လယ်သမားများအတွက် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ထက် လျော့နည်းနေတာ ကိုလည်းပဲ သိရှိခဲ့ရပါတယ်။ ယနေ့ ဆန်တစ်တန်ဟာ ပြည်ပကိုတင်ပို့ပါက ဒေါ်လာ ၃၃၀ ကနေပြီးတော့မှ ၃၃၅ အထိရကြောင်းလည်းပဲ လေ့လာတွေ့ရှိ ရပါတယ်။ ဈေးနှုန်းကွာဟနေတာတွေ့ရပါတယ်။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများ မနစ်နာစေရန်အတွက် ယခုလို စပါးပေါ်ချိန်၊ ပဲပေါ်ချိန်အမီ စပါးနဲ့အခြား ကောက်ပဲသီးနှံများရဲ့ အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ သိလိုခြင်းဖြစ်ပါတယ်။ ဆောင်ရွက်ထားပါက မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကိုလည်းကောင်း၊ ဆောင်ရွက်ထားခြင်းမရှိပါက မည်သည့်အတွက်ကြောင့် မဖြစ်ကြောင်းကိုလည်း ဖြေကြားပေးပါရန် လေးစားစွာမေးမြန်း ထားပါသည်။