(ဂ) ဉာဏ်ကန်ချောင်းကူးတံတားနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ သာစည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးဖြစ်ပါတယ်။ ကျွန်တော်မေးမယ့်မေးခွန်း ကတော့ သာစည်-ညောင်ရမ်းလမ်းပေါ်ရှိ ဉာဏ်ကန်တံတားနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းမှာ ဖြစ်ပါတယ်။ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ ဉာဏ်ကန်တံတားမှာ အလျား ၂၁၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၂၇ပေရှိ ချောင်းကူးတံတားတစ်ခုဖြစ်ပါတယ်။ သာစည်မြို့နယ်၏ တောင်ဘက်ပိုင်းကျေးရွာ အုပ်စု ၂၂ အုပ်စုရှိ ကျေးရွာပေါင်း ၇၄ ရွာမှ ဒေသခံပြည်သူများရဲ့ ကျန်းမာရေး၊ ပညာရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် လူမှုကိစ္စအဝဝတို့အတွက် မှီခိုအားထားရသော တံတားတစ်ခု ဖြစ်ပါတယ်။ ကျေးလက်ဒေသများနှင့် သာစည်မြို့ပေါ်သို့ ဆက်သွယ်သွားလာနိုင်ရေးအတွက် မော်တော်ကား၊ ထော်လာဂျီများ ဖြတ်သန်းမောင်းနှင်ရန် အဓိကတံတားတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါ ဉာဏ်ကန် တံတားဟာ သက်တမ်းကြာမြင့်ပြီး ပျက်စီးယိုယွင်းလာခဲ့သည်မှာ ၂၀၀၅ ခုနှစ်မှစ၍ မော်တော်ကား၊ ထော်လာဂျီများ မောင်းနှင်ဖြတ်သန်း၍ မရတော့ပါ။ တံတားအပေါ်မှ မောင်းနှင်မရသည့်အတွက် တံတားအောက်ရှိချောင်းအတွင်းမှ ဖြတ်သန်းမောင်းနှင်ရသော်လည်း မိုးရာသီတွင် ချောင်းဖြတ်ကူး၍ မရနိုင်သဖြင့် ကျေးလက်ဒေသနှင့် မြို့ပေါ်အဆက်အသွယ် မကြာခဏ ပြတ်တောက်လျက်ရှိပါတယ်။ ၎င်းဉာဏ်ကန်တံတားအား ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန် သာစည်မြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ ရန်ပုံငွေဖြင့် မလုံလောက်နိုင်ဟု သိရှိရပါသည်။ သို့ပါ၍ အဆိုပါ ဉာဏ်ကန်တံတားအား ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုငွေဖြင့် ပြုပြင်တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိနှင့်အစီအစဉ် ရှိပါက ပြုပြင်တည်ဆောက်ပေးနိုင်မည့် အချိန်ကာလအား သိရှိလိုပါကြောင်း မေးမြန်းထားပါသည်။