(ဃ) ပန်းလောင်မြစ်ကူးတံတားနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မောင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြစ်သားမြို့နယ် နွားကူးကြီး ကျေးရွာအုပ်စုရှိ ပန်းလောင်မြစ်ကူးတံတား တည်ဆောက်ပေးရေးနှင့်ပတ်သက်ပြီးတော့မှ မေးမြန်း တင်ပြမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာ အုပ်စုရှိ ပန်းလောင်မြစ်ကူးတံတား အရှည် ၃၁၅ ပေသည် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးခဲ့သော ကြောင့် သုံးမရအောင်ပျက်စီးခဲ့ပါတယ်။ ယခု ဤတံတားကြီးပျက်စီးသွားမှုကြောင့် နွားကူးကြီးကျေးရွာ အုပ်စု၊ ရေအေးစိတ်၊ ခန်တောရွာ၊ နွားကူးကျေးရွာနဲ့ ဖျန်လယ်ကျေးရွာအုပ်စု၊ ဖျန်လယ်ရွာ၊ ပိန္နဲပင်ရွာ၊ မြကနိုင်ရွာ၊ ဖိုရင်ရွာ၊ မြေတောင်ရွာတို့မှ ပြည်သူများသွားရေးလာရေးခက်ခဲလျက်ရှိပါသည်။ ယင်း ကျေးရွာအချို့မှ ယာဉ်များဟာ တစ်ဖက်ကမ်းတွင်ထားရတဲ့ အ‌ြခေအနေမှာ ရှိနေပါတယ်။ သို့ပါ၍ နွားကူးကြီးကျေးရွာအုပ်စုရှိ ပန်းလောင်မြစ်ကူးတံတား(နွားကူးကြီး)သည် မရှိလျှင်မဖြစ်၍ နိုင်ငံတော် မှ ပြန်လည်ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ ကို သိရှိလို၍ မေးမြန်းထားပါသည်။