(င) အဝီစိတွင်းများတူးပေးခြင်း၊ မြို့ရေပေးဝေရေးအတွက် ရေပိုက်လိုင်းများချထားပေးရန်နှင့်စပ်လျဉ်း သည့်မေးခွန်း
လေးစားအပ်ပါသောဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်ကြီးများခင်ဗျား။ ကျွန်တော်ကတော့ မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့ရေပေးဝေရေးကိစ္စနှင့် ပတ်သက်လို့ မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မလှိုင်မြို့နယ်ဆိုတာ မိုးခေါင်ရေရှားရပ်ဝန်း ဒေသမှာရှိပြီးတော့ ရေအလွန်ရှားပါးတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်အတွင်းမှာ အများအားဖြင့် ကုန်းခေါင်ခေါင်နှင့် ကျောက်စရစ်ကုန်း နယ်မြေမျိုးသာ ဖြစ်ပါတယ်။ ဒါကြောင့် ရေအခက်အခဲနှင့်ပတ်သက်လို့ ဒီမှာတင်ပြသွားမှာ ဖြစ်ပါတယ်။ မလှိုင်မြို့နယ်ဟာ အပူပိုင်းဒေသ ဖြစ်သည့်အားလျော်စွာ မြို့အနေနဲ့ နှစ်စဉ်ရေရှားပါးမှုဒဏ်ကို ခံစားရပါတယ်။ ကျွန်တော်တို့ ရေရှားပါး တဲ့အတွက်လည်း တစ်ခါတရံမှာ ရေကားတွေနဲ့ရွာတွေအထိ ပို့ပေးရတဲ့အနေအထားတွေ ဖြစ်ခဲ့ပါ တယ်။ ဒါကြောင့် မြို့နယ်အတွင်းမှာ ဆိုရင်လည်းပဲ အဝီစိတွင်းများတူးတဲ့အခါမှာ ပေ ၃၀၀ နှင့်အထက် ပဲများသောအားဖြင့်ရပြီးတော့ ရေများဟာလည်း သုံးရေအဖြစ်ရေငန်များသာ ရရှိပါတယ်။ ရေချိုရရှိတဲ့ သူတွေဟာ တော်တော်ကိုရှားပါးပါတယ်။ ဒါကြောင့် မြေအောက်ရေအများစုမှာ သုံးရေအဖြစ်သာ ရရှိပြီး မိုးတွင်းကာလမှာ စုဆောင်းရေကို ရွာတွေအလိုက် ကန်တွေကနေပြီးတော့ ရေကိုသုံးစွဲရပါ တယ်။ တချို့ရွာတွေမှာ ဆိုလို့ရှိရင် ပေ ၅၀အနက်လောက်ရှိတဲ့ ပေ ၂၀၊ ၃၀ ရှိတဲ့ တွင်းကျယ်ကြီးကနေ ပြီး လက်ယက်တွင်းတွေကနေအဆင့်ဆင့် သောက်သုံးရေကို ရယူရတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသဟာ မိုးရွာသွန်းတဲ့ရက်ဟာ ၂၈ ရက် ခန့်သာရှိပြီးတော့ မိုးရေချိန်လက်မဟာ ၃၄.၆၇ ပျမ်းမျှရှိပါ တယ်။ မြို့နယ်အတွင်းမှာလည်း ဆည်ကြီးများရှိသော်လည်း ဒီဆည်ကြီးများဟာ မြို့နယ်အနေနဲ့လုံးဝ မသုံးရဘဲနဲ့ ကျွန်တော်တို့ မြို့နယ်နဲ့မဆိုင်တဲ့ တခြားမြို့နယ်များကိုသာ သုံးစွဲရတဲ့အနေအထားဖြစ်ပေါ် လျက်ရှိပါတယ်။ အလားတူပဲ မြို့နယ်မှာ တကယ့်မြို့ရဲ့အဓိက ရုံးစိုက်ရာဖြစ်တဲ့ မလှိုင်မြို့မှာလည်းပဲ သုံးရေအတွက် လက်ယက်တွင်း၊ အဝီစိတွင်းများဖြင့်သာ ရယူဆောင်ရွက်လျက် ရှိပါတယ်။ သောက်ရေ ကိုတော့ စည်ပင်သာယာပိုင် အဝီစိတွင်းကြီး သုံးတွင်းကနေပြီးတော့ ရယူထားပါတယ်။ ဒီအဝီစိတွင်း ကြီးများဟာလည်း ရေရရှိရေးအတွက် ပထမ ဒီဇယ်နဲ့လည်ရာကနေပြီးတော့ အခက်အခဲရှိတဲ့အတွက် အလှူရှင်များနဲ့ဝိုင်းဝန်းပြီး ထရန်စဖော်မာတပ်ပြီးတော့ လျှပ်စစ်မီးရအောင် ဆောင်ရွက်ပေးထားတာ ပါ။ မြို့နယ်လူဦးရေဟာ ၁၆၀၀၀ ခန့်ရှိပြီး ရေလိုအပ်ချက်ဟာ တစ်ရက်မှာ ၃၂၀၀၀၀ ဂါလန်ဖြစ်ပြီး တော့ ဖြန့်ဝေနိုင်တဲ့အနေအထားဟာ ယခုလက်ရှိမှာ ၄၅၀၀၀ခန့် (၁၅ ရာခိုင်နှုန်းခန့်)သာ ဖြန့်ဝေပါ တယ်။ ဒီလိုဖြန့်ဝေတဲ့အခါမှာလည်းပဲ မြို့မှမိမိအစီအစဉ်နဲ့ စည်ပင်သာယာ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ထားတဲ့အပိုင်းဖြစ်ပါတယ်။ ဖြန့်ဝေတဲ့ လက်ရှိနည်းစနစ်ကတော့ Ground Tank ၁၂၅၀၀ ဂါလန်နှင့် ၆၀၀၀ ဂါလန်ဆံ့ ရေလှောင်ကန်ကနေ ဖြန့်ဝေပေးပြီးတော့ တချို့နေရာတွေကို အနီးနား ပတ်ဝန်းကျင်ကို ပိုက်လိုင်းနဲ့ဖြန့်ပြီး တချို့နေရာတွေကို လက်တွန်းလှည်းနဲ့ရေယူပြီးတော့ ဆောင်ရွက် လျက်ရှိတာကို တွေ့ရပါတယ်။ အဝီစိတွင်းပတ်ဝန်းကျင်မှာလည်းပဲ ကိုယ်ထူကိုယ်ထရေပိုက်လိုင်း ကနေပြီး ရေပိုက်ခေါင်း၊ ရေတိုင် ၁၅၆ တိုင်၊ ရေကန် ၇ ကန် ကနေပြီးတော့ ရယူဆောင်ရွက်ပါတယ်။ ပိုက်လိုင်းပေဟာလည်း ၅၄၀၀ ခန့်ရှိပြီး မြို့ရဲ့လေးပုံတစ်ပုံနီးပါးခန့်သာ သောက်သုံးရေရယူနိုင်တဲ့ အနေအထားရှိပါတယ်။ အထူးသဖြင့် မလှိုင်မြို့ရဲ့ အထက်တန်းကျောင်းကြီးမှာ ကျောင်းသား ၂၀၀၀ ကျော် ရှိပြီးတော့ ဒီကျောင်းသားများဟာ သောက်သုံးရေအခက်အခဲ အစဉ်အမြဲတွေ့နေရတဲ့ အနေအထား လည်းရှိပါတယ်။ ရေချိုထွက်မယ့် စည်ပင်အဝီစိတွင်းမှလည်း ဒီကျောင်းအနေနဲ့လည်း ရေရယူလိုပါ တယ်။ ဒါ့ကြောင့် အဝီစိတွင်းများ တည်ရှိရာအနီးမှာ ကုန်းပေါ်မှာ ဂါလန် ၅၀၀၀၀ ဆံံ့ ရေလှောင်ကန် တည်ဆောက်ပြီး Town Water Supply Plan ပုံစံရေးဆွဲပြီးတော့ ရေပိုက်လိုင်းများကို ချထားပြီးကာ Gravity Flow နဲ့ ဖြန့်ဖြူးပေးမယ်ဆိုရင် တစ်မြို့လုံးဟာ ၆၀ ရာခိုင်နှုန်းခန့်ကနေပြီးတော့ ၈၀ ရာခိုင်နှုန်းကို သောက်သုံးရေရရှိသုံးစွဲနိုင်မည် ဖြစ်ပါတယ်။ ဒီရေပိုက်လိုင်းများအတွက် ကျသင့်တဲ့ ကုန်ကျငွေကို လည်း သင့်တင့်လျောက်ပတ်တဲ့နှုန်းထားများနဲ့ နှစ်အလိုက်ကောက်ခံမည်ဆိုလျှင် မြို့နေလူထုက ရေရရှိမည်ဆိုပါက ထည့်ဝင်ကြမှာဖြစ်ပါတယ်။ ရေဖိုးရေခတောင်းခံသွားမယ်ဆိုလျှင်လည်း ဒီနှစ် အနည်းငယ်အတွင်းမှာ အရင်းကျေသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် မေးမြန်းလိုတဲ့ မေးခွန်း ကတော့ ပထမအဆင့် ရေအခက်အခဲရှိတဲ့ ကျေးရွာပေါင်း ၂၀ ခန့်မှာ Deep Tube Well အဝီစိတွင်း နက်ကြီးများ တူးပေးနိုင်ခြင်း၊ စီမံချက်ချဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိသိလိုပါကြောင်းနှင့် မြို့ရေပေး ဝေရေးအတွက်လည်း လိုအပ်တဲ့ ဂါလန် ၅၀၀၀၀ ဆံ့ ရေကန်၊ ရေပိုက်လိုင်းများ ချထားဆောင်ရွက် ပေးနိုင်ခြင်း ရှိ၊ မရှိ။ ဆောင်ရွက်ပေးနိုင်မည်ဆိုပါကလည်း မည်သည့်အချိန်ခန့်တွင် ဆောင်ရွက်ပေးနိုင် မည် သို့မဟုတ် မဆောင်ရွက်ပေးနိုင်ပါကလည်း မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိလိုပါ ကြောင်းနှင့် နယ်စပ်/စည်ပင်ဝန်ကြီးဌာနအနေနဲ့ စုစုပေါင်း ကျပ်သန်းပေါင်း ၄၄၀၀ သုံးစွဲခဲ့သည်ကို လည်း သိရပါတယ်။ သုံးစွဲခဲ့တဲ့အထဲမှာ ရှေ့နှစ်တွေများမှာလည်းပဲ မြို့နယ်အနေနဲ့ ပါဝင်သုံးစွဲနိုင်မယ် ဆိုရင်တော့ အထူးပင်ဝမ်းြမောက်ပါကြောင်း မေးမြန်းထားပါသည်။