(ခ) မဲဇာတာတမံနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစိုး ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ဒေသတွင်းရှိ တောင်သူလယ်သမားများရဲ့အကျိုးငှာ မဲဇာတာတမံပြုပြင်ရေးကိစ္စအား တင်ပြသွားမှာ ဖြစ်ပါတယ်။ မဲဇာတာတမံကို ၁၉၈၂ ခုနှစ်က လယ်ယာစိုက်ပျိုးရေးနှင့်ဆည်ြမောင်းဝန်ကြီးဌာန၊ ဆည်ြမောင်းဦးစီးဌာနမှ ဆောင်ရွက်တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ တည်ဆောက်ပေးခဲ့သော တာတမံအလျားဟာ ၄၂၅၀၀ ပေ၊ တာထိပ်ဝအကျယ် ၈ ပေ၊ အမြင့် ၆ ပေဖြစ်ပါတယ်။ ၎င်းကဲ့သို့ တည်ဆောက်ပေးခဲ့ခြင်းကြောင့် ကျေးရွာအုပ်စု ၇ အုပ်စုရှိ မိုးစပါးသီးနှံနဲ့ အခြားသီးနှံစိုက်ဧက ၂၈၀၀၀ ဧကခန့်အတွက် မဲဇာရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လက်ရှိအြခေအနေကို တင်ပြရမယ်ဆိုရင် မဲဇာတာတမံရဲ့သက်တမ်းဟာ နှစ် ၃၀ ခန့်ရှိခဲ့ပါပြီ။ ပြုပြင်ထိန်းသိမ်းမှုမရှိတဲ့အတွက် အချို့နေရာများမှာ ပျက်စီးမှုရှိလာခြင်းကြောင့် မဲဇာရေကြီးမြင့်မှုကို မကာကွယ်နိုင်တော့ဘဲ မိုးစပါးသီးနှံနဲ့ အခြားသီးနှံစိုက်ဧကများဟာ နှစ်စဉ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်တာကို တွေ့ရှိရပါတယ်။ ဒေသခံမိဘပြည်သူ တောင်သူလယ်သမားများ အနေနဲ့တာတမံကြီးကို ပြုပြင်ပေးနိုင်ရေး တင်ပြကြတဲ့အတွက် သက်ဆိုင်ရာပညာရှင်များနဲ့ ကွင်းဆင်း တိုင်းတာခဲ့ကြရာလုပ်ငန်းတစ်ခုလုံးရဲ့ ကုန်ကျစရိတ်ဟာ ကျပ် ၆၈၇၅ဝဝဝဝ ခန့် ကုန်ကျမှာဖြစ်ကြောင်း သိရပါတယ်။ သို့အတွက် ၎င်းတာတမံပြုပြင်ရေးကိစ္စရပ်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြခဲ့ရာ ကုန်ကျစရိတ်များပြားခြင်းကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံ ဆက်လက် တင်ပြရေးလမ်းညွှန်ခဲ့ပါတယ်။ ဒါကြောင့် ထီးချိုင့်မြို့နယ် မဲဇာတာတမံအား သက်ဆိုင်ရာဝန်ကြီးဌာနမှ အမြန်ဆုံးပြုပြင်ပေးနိုင်ပါရန်နှင့် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိ သိလိုတဲ့အတွက် ဒေသခံ တောင်သူလယ်သမားများရဲ့ကိုယ်စား လေးစားစွာဖြင့် မေးမြန်းထားပါသည်။