(ဂ) အထွက်နှုန်းကောင်းမွန်သော မျိုးစပါးများထုတ်လုပ်ပေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစိုးပိုင် ဖြစ်ပါတယ်။  ကျွန်တော်တင်ပြ မေးမြန်းလိုတာကတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက် ရှိတဲ့ စပါးမျိုး မျိုးကောင်းမျိုးသန့်ရရှိရေးကိစ္စဖြစ်ပါတယ်။ မျိုးမကောင်း မျိုးမသန့်သော စပါးမျိုးကို စိုက်ပျိုးပါက အထွက်နှုန်းကျဆင်းမယ်၊ ကမ္ဘာ့ဈေးကွက်မှာ ရောင်းတန်းမဝင်နိုင်ပါဘူး။ ဒါကြောင့်မို့ အထွက်နှုန်းကောင်းမွန်ပြီး ရောင်းတန်းဝင်စပါးများ ထွက်ရှိဖို့အတွက် နိုင်ငံအဝန်း စိုက်ပျိုးတဲ့ စပါးမျိုးကိစ္စဟာ အရေးပါကြောင်းတင်ပြလိုပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များခင်ဗျား။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ‌ြမေဆီလွှာကောင်းမွန်မှု၊ ဧရိယာကျယ်ပြောမှု၊ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ ရေအရင်းအမြစ်ရှိမှုတို့ကြောင့် ရှေးပ‌ဝေသဏီကာလကတည်းက စိုက်ပျိုးရေးကို အ‌ြခေခံ ခဲ့တဲ့ နိုင်ငံဖြစ်သလို ယခုအချိန်ထိလည်း အခြေခံရဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စပါးများ ပိုလျှံနေပြီ ဖြစ်ပါတယ်။ ပိုလျှံနေတဲ့စပါးများဟာ နိုင်ငံတကာဈေးကွက်ဝင်၊ ရောင်းတန်းဝင် အရည်အချင်းရှိတဲ့ စပါးဖြစ်ဖို့တော့ အထူးလိုအပ်ပါတယ်။ ယနေ့အချိန်အခါမှာ ကမ္ဘာ့ဈေးကွက်ဝင် ပြီးတော့    အထွက်နှုန်းကော အရည်အသွေးပါကောင်းမွန်တဲ့ စပါးမျိုးတွေ များများရရှိရေး လိုအပ် လှပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များခင်ဗျား။ ကျွန်တော်နေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးဟာ အထက်မြန်မာပြည်ရဲ့ စပါးကျီဖြစ်ပါတယ်။ ကျွန်တော်နေထိုင်ရာ ဝန်းသိုမြို့နယ်ဟာ ဆန်ဖူလုံမှုအနေနဲ့ ၃၄၅ ရာခိုင်နှုန်းရှိသော မြို့တစ်မြို့ဖြစ်ပါတယ်။ နိုင်ငံအဝန်း လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုး တိုးတက်အောင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်‌ြမောင်းဝန်ကြီးဌာနမှ ဆောင်ရွက်နေတာတွေကိုလည်းပဲ အထင်အရှား မြင်တွေ့နေရပြီဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ တောင်သူများအနေနဲ့ လိုအပ်ချက် များရှိနေပါသေးတယ်။ စပါးမျိုးယူမှုစနစ်ကတော့ အခြားတောင်သူများအားမေးမြန်း၍ လက်ဆင့် ကမ်းယူရခြင်း၊ တခြားဒေသ တခြားရွာများသို့သွားရောက်လေ့လာခြင်း၊ သတင်းစုံစမ်းခြင်း နည်းလမ်း များဖြင့်သာ စပါးမျိုးကိုရယူနေရပါသေးတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တင်ပြမေးမြန်းလိုတာ ကတော့ ကျွန်တော်တို့လို မြို့ငယ်လေးတွေပါမကျန် နိုင်ငံတစ်ဝန်းလုံးသို့ နိုင်ငံတကာဈေးကွက် ဝင်ပြီးတော့ စားသုံးမှုနှင့်အထွက်နှုန်းပါကောင်းမွန်သော မျိုးစပါးများ ထုတ်လုပ်ပေးနိုင်ရေး၊ ဖြန့်ဖြူး ပေးနိုင်ရေး အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းထားပါသည်။