(စ)-မြန်မာနိုင်ငံအတွင်းနေထိုင်လျက်ရှိသည့် ကမန်လူမျိုး လူဦးရေစုစုပေါင်းနှင့် မြို့နယ်အလိုက် ကမန်လူဦးရေမည်မျှရှိသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိသည်ကို သိရှိရပါကြောင်း၊ ရခိုင်တိုင်းရင်းသားအုပ်စုတွင် ကမန်အပါအဝင် လူမျိုးစုခုနစ်စု ပါဝင်ကြောင်းကို ထုတ်ပြန်ထားရှိပါက ကမန်များကို တိုင်းရင်းသားအဖြစ် မည်သည့်စံနှုန်း သတ်မှတ်ချက်များနှင့် မည်သည့်ကာလက စတင်သတ်မှတ်ခဲ့သည်ကို တိတိကျကျမသိရှိခဲ့ရပါကြောင်း၊
ရခိုင်နှင့်ကမန်တို့သည် ရခိုင်တွင်အစဉ်အလာအရ နေထိုင်လာခဲ့ကြသည်မှာ မှန်ကန်ပါသော်လည်း ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကိုးကွယ်သည့် ဘာသာတို့သည့် တူညီခြင်းမရှိပါကြောင်း၊ ကမန်လူမျိုးသည် အစ္စလာမ်ဘာသာကို ကိုးကွယ်ပြီး ရခိုင်ဘာသာစကားကို ပြောဆိုကြသည့်အပြင် ကမန်နှင့် ဘင်္ဂါလီတို့သည်လည်း ဓလေ့ထုံးစံ၊ ကိုးကွယ်သည့် ဘာသာ၊ ယဉ်ကျေးမှုများ ခွဲခြားမရအောင် တူညီမှုရှိသည်ကိုလည်း တွေ့ရပါကြောင်း၊ ကမန်များသည် တိုင်းရင်းသား မျိုးနွယ်စုအဖြစ် ရရှိထားသော အခွင့်အရေးကို အသုံးပြုပြီး မြန်မာနိုင်ငံအနှံ့ သွားလာ နေထိုင်ခွင့်ရရှိထားသူများ ဖြစ်ကြသည့်အတွက် တချို့သောဘင်္ဂါလီများသည် နိုင်ငံသား အခွင့်အရေးကို အသုံးပြုရန် မသမာသောဝန်ထမ်းအချို့နှင့် ပူးပေါင်း၍ ကမန်လူမျိုးစုဝင်အဖြစ် ဆောင်ရွက်နေကြသည်ကိုလည်း ကြားသိနေရပါကြောင်း၊
ဘင်္ဂါလီများကို ၁၉၈၀ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့်စိစစ်ပြီး မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ နိုင်ငံသားဖြစ်သင့်သူများကို နိုင်ငံသားပေးရန် ပြည်သူ့လွှတ်တော်တွင် မိမိအနေဖြင့် အဆိုတစ်ခုတင်ထားခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ၁၉၈၀ ခုနှစ်၊ နိုင်ငံသား ဥပဒေနှင့်စိစစ်ပြီး ရသင့်ရထိုက်သူ နိုင်ငံသားဖြစ်မည်ကို ကြိုဆိုပါကြောင်း၊ သို့သော် ကမန်လူမျိုးစုဝင်အဖြစ် သတ်မှတ်လိုက်ပြီး အလိုအလျောက်တိုင်းရင်းသား ဖြစ်သွားမည်ကို စိုးရိမ်မိပါကြောင်း၊ တိုင်းရင်းသားဆိုသည်မှာ ဥပဒေအရ မိမိတို့နိုင်ငံတွင် နှစ် ၁၀၀ နေလျင်ပင် ဖြစ်နိုင်ရန် အခွင့်အလမ်းမရှိဘဲ နိုင်ငံသားဥပဒေနှင့်အညီသာ နိုင်ငံသားဖြစ်ခွင့်ရှိသည့်အတွက် ကမန်လူဦးရေကို စနစ်တကျစာရင်းပြုစုထားရန် လိုအပ်လာပါကြောင်း၊ သို့သော် ၂၀၁၁ ခုနှစ်၊ မြန်မာနိုင်ငံ သန်းခေါင်စာရင်းတွင် တိုင်းရင်းသားကမန်လူဦးရေကို မဖော်ပြနိုင်ခြင်း မရှိသေးသည်မှာ အထူးအားနည်းချက်တစ်ခု ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊
ထို့ကြောင့် မြန်မာနိုင်ငံအတွင်းနေထိုင်လျက်ရှိသည့် ကမန်လူမျိုး လူဦးရေစုစုပေါင်းနှင့် မြို့နယ်အလိုက် ကမန်လူဦးရေမည်မျှရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။