(ဃ) လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန့်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေအရ နိုင်ငံတော်ကြီး ဘက်စုံထောင့်စုံဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် နိုင်ငံတကာနှင့်ခင်မင်ရင်းနှီးစွာ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေတောင်သူလယ်သမား မိသားစုများဖြစ်ကြပြီး မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဓိကထားဆောင်ရွက်နေသူများ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့နောင်လာမည့်ကာလတွင် တိုးတက်လာမည့် လူဦးရေ သန်း ၁၀၀ အတွက် မျှော်မှန်း ပြီး ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းကို တိုးတက်ထုတ်လုပ်နိုင်ဖို့ စိုက်ပျိုးရေးပညာရှင်များရဲ့ အကူအညီဖြင့် စိုက်ပျိုးကြိုးပမ်း လုပ်ကိုင်လျက်ရှိကြပါတယ်။ တောင်သူလယ်သမားများအနေနဲ့ နေ့စဉ်ပြောင်းလဲ တိုးတက်နေတဲ့ စိုက်ပျိုးရေးနည်းပညာရပ်များနဲ့အတူ မိမိတို့နိုင်ငံအတွင်း ကြိုးပမ်းဆောင်ရွက် နေမှုများ၊ နိုင်ငံတကာနှင့်ဆက်သွယ်ဆောင်ရွက်နေမှုများကို များစွာစိတ်ဝင်စားလျက်ရှိကြပြီး ခေတ်မီ စိုက်ပျိုးရေးနည်းစနစ်များဆိုင်ရာ သတင်းအချက်အလက်များ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် နေမှုများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို နေ့စဉ်နှင့်အမျှ မျက်စိဖွင့်၊ နားစွင့်စောင့်ဆိုင်းလျက်ရှိနေကြတာကို တွေ့မြင်နေကြပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများအနက်က လယ်ယာစိုက်ပျိုး ရေးကဏ္ဍတွင် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နေမှုများအပေါ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ သည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် မိမိတို့နိုင်ငံအတွက် အလားအလာကောင်းများ အခြေအနေကို တောင်သူလယ်သမားများအား သိရှိနိုင်ကြစေရန်အတွက် သက်ဆိုင်ရာမှ ရှင်းလင်းတင်ပြပေးပါရန် လေးစားစွာဖြင့် တင်ပြမေးမြန်းထားပါသည်။