(င)-ကယားပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာ၊ ထိုင်းနှစ်နိုင်ငံနယ်စပ်ဝင်ပေါက် BP-13 မှ တစ်ဆင့် လွိုင်ကော်မြို့အထိ နှစ်ဖက်နိုင်ငံခရီးသွားများအား နယ်စပ်ဖြတ်သန်းသွားလာ ခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့နယ်စပ် အကြိုကုန်သွယ်ရေးစခန်းကို ၂၇-၁၀-၂၀၁၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်တို့အကြား ညီအစ်မမြို့တော် Sister City အဖြစ် ၉-၃-၂၀၁၇ ရက် နေ့တွင် ကယားပြည်နယ်၊ ပြည်နယ်ခန်းမတွင် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ခရိုင်ဝန်တို့က နားလည်မှုစာချွန်လွှာ MoU ထိုးပြီးဖြစ်ပါကြောင်း၊
ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် အဆင်းရဲဆုံးပြည်နယ် သုံးခုတွင် ပါရှိပြီး ငြိမ်းချမ်းရေးမရသေးသည့် ပြည်နယ်လည်း ဖြစ်ပါကြောင်း၊ ညီအစ်မမြို့တော် Sister City ၏ ဆက်ဆံရေးပိုမို ဖြစ်ထွန်းနိုင်ရေးအတွက် နှစ်ဖက်နိုင်ငံများ၏ ယဉ်ကျေးမှု၊ ပညာရေး၊ နည်းပညာ၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုစသော ကဏ္ဍအသီးသီးတွင် ပူးပေါင်းပြီး အကျိုးတူစီးပွားရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီးမှသာ တတိယနိုင်ငံများကလည်း အကျိုးတူစီးပွားရေးများ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ကယားပြည်နယ်တို့ နယ်စပ်ကုန်သွယ်ရေး ဝင်ငွေအခွန်အခ များလည်း တိုးတက်လာပါက ပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးတို့သည် နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက်များစွာ အထောက်အကူပြုသည့်အတွက် နယ်စပ်ဖြတ်သန်း သွားလာခွင့်သည် ကယားပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အင်မတန် အရေးကြီးပါကြောင်း၊
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကို ဖွဲ့စည်းပြီး Kayah State Investment Forum ကိုလည်း ကယားပြည်နယ်ခန်းမတွင် ၂၈-၅-၂၀၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့၍ ကမ္ဘာ့နိုင်ငံအသီးသီးက ရင်းနှီးမြှုပ်နှံချင်သူများ တက်ရောက်လေ့လာကြ သည်ကို တွေ့ရပါကြောင်း၊
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ထိုင်းဘုရင့်နိုင်ငံအကြား နှစ်နိုင်ငံနယ်စပ် ဖြတ်သန်း သွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၆-၅-၁၉၉၇ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်ကို ပြန်လည်ဆန်းစစ်၍ ၂၄-၆-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရဘက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းဘုရင့်နိုင်ငံ အစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီးတို့က နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပါကြောင်း၊ အထက်ဖော်ပြပါ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်တွင် နှစ်နိုင်ငံအပြန်အလှန် ခွင့်ပြုထားသည့် ဝင်ပေါက်များအဖြစ် တာချီလိတ်၊ မယ်ဆိုင်၊ မြဝတီ၊ မဲဆောက်၊ ထီးခီး၊ ဖူနာရွန်၊ ကော့သောင်း၊ ရနောင်းတို့ကို သဘောတူထားသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ကယားပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာ၊ ထိုင်း နှစ်နိုင်ငံနယ်စပ်ဝင်ပေါက် BP-13 မှ တစ်ဆင့် လွိုင်ကော်မြို့အထိ နှစ်ဖက်နိုင်ငံခရီးသွားများအား တရားဝင်လုံခြုံစွာ ခရီးသွားလာခွင့် ရရှိနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်မှ နယ်စပ်ဖြတ်သန်းသွားလာခွင့် ပြုပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်းပါသည်။