(ဂ)-နိုင်ငံအတွင်းနေထိုင်သူအားလုံးအား ID နံပါတ်တစ်ခုချင်းစီဖြင့် Database တည်ဆောက်ခြင်းကို ဦးစားပေးဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

၂၉.၇.၂၀၁၆ ရက်နေ့တွင် ချမှတ်ခဲ့သည့် စီးပွားရေးမူဝါဒ (၁၂) ရပ်တွင် Data IT System, Digital Government Strategy, E-Government System ကို အကောင်အထည်ဖော်ဆောင်ရွက် မည်ဆိုသည့် အချက်တစ်ချက် ပါပါကြောင်း၊ E-Government System စနစ်ကို ကျင့်သုံးမည်ဆိုလျှင် ဝန်ကြီးဌာန တစ်ခုချင်းစီအတွက် Database သည် မရှိမဖြစ်ရှိရမည့်ကိစ္စ ဖြစ်ပါကြောင်း၊ မိမိတို့ (လဝက) တွင် လက်ရှိအခြေအနေထိ Database နှင့် ပတ်သက်ပြီး Soft Copy များမရှိဘဲ စာရွက်စာတမ်းနှင့် သိမ်းထားသည့် အခြေအနေသာရှိပါကြောင်း၊ Database ရှိလာသည့်အခါ ဝန်ကြီးဌာနအချင်းချင်း ဆက်သွယ်ဆောင်ရွက် ယုံတင်မက ပြည်သူကို ဝန်ဆောင်မှုပေးရန်လည်း လိုလားပါကြောင်း၊ ပြည်သူ ဝန်ဆောင်မှုပေးသည့်အခါ လက်ရှိမိမိတို့၏ ID နံပါတ်တည်ဆောက်ပုံအား ကွန်ပျူတာစနစ်အတွက် အဆင်မပြေပါကြောင်း၊ ထိုအခါ မိမိတို့တွင် လက်ရှိနံပါတ်မှာ ပြည်နယ် သို့မဟုတ်ရင် တိုင်းဒေသကြီးကို ကိုယ်စားပြုသည့် နံပါတ်အရှေ့တွင်ရှိပါကြောင်း၊ ထို့နောက် သင်္ကေတမြို့နယ် ကိုယ်စားပြုသည့် အက္ခရာရှိပြီး နောက်ဆုံးတွင် ကိုယ်ပိုင်နံပါတ်တစ်ခုစီ သတ်မှတ်ထားပါကြောင်း၊ မိမိတို့၏ အိမ်နီးနားချင်းများဖြစ်သည့် ထိုင်း၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်မှ  ID များမှာ ထိုင်းတွင် Smart Card သုံးပြီး Microchip နှင့် Bar Code နှစ်ခုစလုံးပါပါကြောင်း၊ Smart Card သည် ကုန်ကျစရိတ်ရှိပါကြောင်း၊ Microchip ကို ဖတ်နိုင်ရန် စက်လိုပါကြောင်း၊ တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်မှာ ID နံပါတ်တစ်ခုစီကိုသာ သုံးထားပါကြောင်း၊ နံပါတ်သာသုံးရသောကြောင့် ကုန်ကျစရိတ် သက်သာပါကြောင်း၊ မိမိတို့မှာ လုပ်ငန်းတိုင်းအတွက်ကို ဘတ်ဂျက်က အမြဲတမ်းကပ်ပြီး စဉ်းစားနေရသဖြင့် တင်ပြခြင်းဖြစ်ပါကြောင်း၊ E-Government အတွက် Database များ တည်ဆောက်ရန်လိုသည့် အချိန်တွင် Print Media ၂၀၁၉ ခုနှစ်တွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်မည်ဆိုသည့်ကိစ္စ ပါလာပါကြောင်း၊ ထိုအခါ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန်က ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများသည် မှန်းဆတွက်ချက်ခဲ့ရသည့်အတွက် အချက်အလက်များ လွဲမှားမှုရှိခဲ့ပြီး ကြားဖြတ်သန်းခေါင်စာရင်း ပိုပြီးတိကျသည့် အချက်အလက်များကိုရရှိရန် ရည်ရွယ်လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောထားသည့်အခါ မိမိတို့အနေဖြင့် မှန်ပါသလားဆိုတာ သိချင်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၂၀၁၇ ခုနှစ်၊ သန်းခေါင်စာရင်းကောက်မည်ဆိုလျှင် တစ်ဖက်တွင် E-Government အတွက် ပြင်ဆင်ရမည့်အချိန်နှင့် ငွေကြေးများကို မိမိတို့ကဘက်မှာလည်း သုံးမည်ဆိုလျှင် အင်အားလျော့သွားမည် စိုးရိမ်သည့်အတွက်ဖြစ်ပါကြောင်း၊ မိမိစောစောကပြောသည့် National Database ကိုပြောခြင်းဖြစ်ပါကြောင်း၊ မိမိတို့က နိုင်ငံသားတစ်ဦးချင်းစီအတွက် ID နံပါတ်တစ်ခုချင်းစီ ယူမည်ဆိုလျှင် တစ်ယောက်ချင်း၏ Biographic, Biometric အချက်အလက်များ ယူထားမည်ဆိုလျှင် နိုင်ငံသားတစ်ယောက်သည် နံပါတ်တစ်ခုရခြင်းအားဖြင့် ရွေးကောက်ပွဲလုပ်သည့်အခါ မဲစာရင်းပြုစုသည့် အခါတွင် ၎င်းနံပါတ်နှင့် အလွယ်တကူရမည် ဖြစ်ပါကြောင်း၊ နိုင်ငံကူးလက်မှတ်ဆိုလျှင် ထိုနံပါတ်နှင့် တစ်ခါတည်းချိတ်ဆက်လို့ရမည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင်ကိစ္စဖြစ်ဖြစ်၊ အခွန်ကောက်ခံသည့် ကိစ္စဖြစ်ဖြစ် E-Government System ကို လွယ်ကူချောမောစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် နိုင်ငံအတွင်း နေထိုင်သူအားလုံးကို ID နံပါတ်တစ်ခုချင်းစီနှင့် Database တည်ဆောက်ခြင်းကို ဦးစားပေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိဆိုသည့် မေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း။