(ဆ) အခြေခံပညာကျောင်းများတွင် ဝန်ထမ်းများခန့်ထားရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပြီး နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ ရွှေကူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အခြေခံပညာကျောင်းများရှိ စာရေးဝန်ထမ်းများနှင့် အခြားအဆင့်ဝန်ထမ်းများ ခန့်ထားရေးနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းမှာ ဖြစ်ပါတယ်။ အခြေခံပညာမူလတန်းကျောင်းနှင့် မူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်းခွဲများတွင် အထွေထွေလုပ်သားများ တစ်ကျောင်းလျှင် တစ်ဦးကျစီ ခန့်ထားခွင့်ပြုထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားလျှင် နောက်ထပ် ယနေ့အထိ အစားပြန်ခန့်ထားခြင်းမရှိပါ။ ယင်းအထွေထွေလုပ်သားများသည် ကျောင်း၏ လိုအပ်ချက်ကို ဖြည့်ဆည်းရသောလုပ်သားများ ဖြစ်ကြပါတယ်။ သင်ကြားရေးအရ လိုအပ်လာပါက ပါဝင်ထမ်းဆောင်သူများဖြစ်ပါတယ်။ တဖန် အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများတွင် လည်း စာရေး၊ ရုံးအကူနှင့် အခြားအဆင့်များသည် လစ်လပ်သွားပါက နောက်ထပ်ခန့်ထားခြင်း မရှိသည်ကို တွေ့ရှိရပါတယ်။ ထို့ကြောင့် နံပါတ်(၁) မူလတန်းကျောင်းများတွင် အထွေထွေ လုပ်သားများ လိုအပ်လာလျှင် ဖြည့်စွက်ခန့်ထားရန်အစီအစဉ်ရှိ၊ မရှိ။ နံပါတ်(၂)အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများတွင် လိုအပ်သောစာရေးနှင့် အခြားအဆင့် ဝန်ထမ်းများ ခန့်ထားရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းထားပါသည်။