(ခ) လျှပ်စစ်မီးသွယ်ပေးမှုအစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင်‌့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သဂါရဝပြုအပ် ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ခင် ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းမယ့်မေးခွန်းကတော့ ရန်ကုန်တိုင်း ဒေသကြီး၊  ကျောက်တန်းမြို့နယ်အတွင်းရှိ  ကျေးရွာသုံးရွာဖြစ်တဲ့  ဖလမ်းကျေးရွာ၊  သီလဝါကုန်းလမ်း
ကျေးရွာနှင့် ကရက်ကျေးရွာများအား ၁၉၉၆ ခုနှစ်က နိုင်ငံတော်မှ သန်လျင်၊ ကျောက်တန်းဒေသဖွံ့ဖြိုး ရေးစက်မှုဇုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရပ်ကွက်သုံးရပ်ကွက်အဖြစ်သို့ ပြောင်းရွှေ့ နေရာချထားပေးခဲ့ပါတယ်။  ယခုအခါမှာ သီလဝါအထူးစီးပွားရေးဇုန်အနီးမှာ တည်ရှိပါတယ်။ ထို့အတွက်ကြောင့် အဆိုပါရပ်ကွက်သုံးရပ်ကွက်ဖြစ်တဲ့ အေးမြသီတာရပ်ကွက်၊ ရွှေပြည်သာရပ်ကွက် နှင့် သီတာမြိုင်ရပ်ကွက်များမှာ ယခုအချိန်အထိ လျှပ်စစ်မီးမရရှိသေးတဲ့အတွက် ယင်းရပ်ကွက်များကို လျှပ်စစ်မီးသွယ်တန်းပေးမှုအစီအစဉ်ရှိ၊မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက် ပေးမည်ကို သိရှိလိုပါသဖြင့် ပြန်လည်ဖြေကြားပေးနိုင်ပါရန် မေးမြန်းထားပါသည် ။