(က)-ပြည်တွင်းပြည်ပပညာရှင်များပါဝင်သော စီးပွားရေးညီလာခံတစ်ရပ်ကျင်းပပြီး အမှန်တကယ်အလုပ် ဖြစ်နိုင်မည့် မဟာဗျူဟာတစ်ရပ်ဖော်ထုတ်နိုင်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

မိမိတို့နိုင်ငံသည် ယခင် အတိတ်ကာလက အရှေ့တောင်အာရှ၏ အချမ်းသာဆုံးနိုင်ငံ ၊ သယံဇာတ၊ ရေ၊ မြေ၊ တောတောင်အလွန်ပေါကြွယ်ဝ ခဲ့ပါကြောင်း၊ ဆန်စပါးလည်းအများဆုံးထွက်ရှိ ပို့ဆောင်နိုင်ခဲ့ပါကြောင်း၊ သို့သော် ယခုအချိန်တွင် အတိတ်ကာလ၏အုပ်ချုပ်မှု အလွဲများ၊ စီမံမှုအလွဲများကြောင့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်သွားသော်လည်း မိမိတို့နိုင်ငံတွင် ကျန်ရှိနေသည့် သဘာဝသယံဇာတများ၊ လူသားအရင်းအမြစ်များ၊ အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေသော သန်းချီအရေအတွက်ရှိသည့် လူသားအရင်းအမြစ်များကို နိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိရန် အစွမ်းကုန်ကြိုးစားရပါမည် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ၏ ပထမဦးစားပေး လုပ်ငန်းသည် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဟု  နားလည်ထားပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်သည် မျှော်လင့်ထားသည်ထက် ပိုပြီးကြာနိုင်ပါကြောင်း၊  ၎င်းဖြစ်စဉ်ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အထောက်အကူပေးရန် လိုအပ်မည်ဟုထင်ပါကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ခေတ်သစ်တစ်ခုအစပြုသည့်အခါတိုင်း ပြည်တွင်း/ပ ပညာရှင်များဖိတ်ကြားပြီး စီးပွားရေးညီလာခံ (Economic  Forums) တစ်ရပ် ကျင်းပလေ့ရှိပြီး ၎င်းညီလာခံမှတစ်ဆင့် မဟာဗျူဟာတစ်ရပ် ဖော်ထုတ်ရန်ဖြစ်ပါကြောင်း၊ အကြောင်းကြောင်းကြောင့် မအောင်မြင်သည်များ ရှိသကဲ့သို့ အောင်မြင်သည်များလည်း ရှိခဲ့ပါကြောင်း၊ လွတ်လပ်ရေးအကြိုကာလ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ပြည်တွင်း/ပ ပညာရှင်များဖိတ်ကြားပြီး ပြည်လမ်းဟံသာဝတီ အဝိုင်းအနီး ဆိုလန်တိုဗီလာ အဆောက်အဦတွင် စီးပွားရေးညီလာခံ တစ်ရပ်ကျင်းပပြီး နှစ်နှစ်စီမံကိန်း တစ်ရပ်ဆွဲခဲ့ပါကြောင်း၊ ၎င်းစီမံကိန်းသည် လွတ်လပ်သည့် မြန်မာနိုင်ငံအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းလုပ်ရန် ရည်ရွယ်ထားသော်လည်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည့်အတွက် စီမံကိန်းကိုအကောင်အထည် ဖော်နိုင်ခဲ့ခြင်းမရှိခဲ့ပါကြောင်း၊  လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်တွင် ဥက္ကဋ္ဌဟင်္သာရဦးမြ၊ အဖွဲ့ဝင်ဗိုလ်ခင်မောင်လေး၊ မစ္စတာဗာလီမန်နှင့် ဒေါက်တာလှမြင့် တို့ပါဝင်သည့် ကော်မတီကိုဖွဲ့စည်းပြီး မပြီးဆုံးသေးသည့် ဆိုလန်တိုဗီလာ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် နောက်ထပ်နှစ်နှစ်စီမံကိန်းတစ်ရပ်ကို ရေးဆွဲခဲ့ပါကြောင်း၊ သို့သော်လွတ်လပ်ရေးရပြီး ပြည်တွင်းမငြိမ် သက်မှုများကြောင့် ၎င်းစီမံကိန်းသည် လက်တွေ့ဖြစ်မလာခဲ့ပါကြောင်း၊ ၁၉၅၁ ခုနှစ် ဧပြီလတွင် ဖဆပလ အစိုးရကြီးမှူးပြီး စီးပွားရေးဆိုင်ရာ ညီလာခံတစ်ရပ် ကျင်းပနိုင်ခဲ့ပါကြောင်း၊ သြဂုတ်လတွင် အမေရိကန် KTA အဖွဲ့ပြီး ရီးရပ်ဓာတ်သတ္တု တူးဖော်ရေးအဖွဲ့နှင့် ရောဘတ်နပ်သန်အဖွဲ့များ ငှားရမ်းပြီး စီမံကိန်းတစ်ခု ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ ၎င်းစီမံကိန်းမှ ပြည်တော်သာစီမံကိန်းဆိုပြီး ထွက်ပေါ်လာခဲ့ပါကြောင်း၊ မြန်မာပြည်မှ ထုတ်လုပ်သည့် ကြက်ဆင်ဖဲထီးဆိုလျှင် အာရှဈေးကွက်တွင် အထူးနံမည်ရခဲ့ဖူးပါကြောင်း၊  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်တွင် စီမံကိန်းများ ရေးဆွဲနိုင်ရန်အတွက် အနည်းဆုံး ဆိုဗီယက်ပညာရှင်များ ဖိတ်ကြားပြီး အကြံဉာဏ်များရယူခဲ့ခြင်းမျိုး ရှိခဲ့ဖူးပါကြောင်း၊  မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ကို ပီပီပြင်ပြင် လှည့်ပြောင်းနေရသကဲ့သို့ ကျန်တစ်ဖက်တွင်လည်း  မြန်မာ့စီးပွားရေးဘဝကို ပြန်လည်ပုံလောင်းနိုင်ရန် အထူးအရေးကြီးနေပါကြောင်း၊ ထို့ကြောင့် ပြည်တွင်း/ပ ပညာရှင်များ ပါဝင်သော စီးပွားရေးညီလာခံတစ်ရပ်ကျင်းပပြီး အမှန်တကယ် အလုပ်ဖြစ်နိုင်မည့် မဟာဗျူဟာ တစ်ရပ် ဖော်ထုတ်နိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။