(ဇ)ပြတိုက်/ စာကြည့်တိုက်များ အဆင့်တိုးမြှင့်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မဲဆန္ဒနယ်က ဦးဝင်းမြင့် ဖြစ်ပါတယ်။ လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်  ပြည်မြို့ပေါ်မှာ ရွှေဘုန်းပွင့်ဘုရားကြီးဝင်းအတွင်းမှာ ရွှေဘုန်းပွင့်ပိဋကတ်စာကြည့်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်ကို ၁၉၃၁ ခုနှစ်ကစတင်ပြီး တည်ထောင်ခဲ့ပါတယ်။ အလှူရှင်များ၊ ဝါသနာရှင်များ၊ စာရေးဆရာကြီးများ၊ မြို့မိမြို့ဖ ပြည်သူများက အလုပ်အမှုဆောင်အဖွဲ့များ ဖွဲ့စည်းပြီး ခေတ်အဆက်ဆက် ထိန်းသိမ်း လာခဲ့ရာ အခုဆိုရင် နှစ်ပေါင်း ၈၀ ကျော်ခဲ့ပါပြီ။ ရွှေဘုန်းပွင့်ပိဋကတ်စာကြည့်တိုက်နှင့်ယဉ်ကျေးမှု ပြတိုက်လို့ ခေါ်ရခြင်းကလည်း ဘာသာရပ်မျိုးစုံ၊ စာအုပ် ၁၀၀၀၀ ကျော်နှင့် ဂျာနယ်မဂ္ဂဇင်းများကို နေ့စဉ်ငှားရမ်းဖတ်ရှုနေကြတဲ့ စာကြည့်တိုက်တစ်ခု ဖြစ်သည့်အပြင် ရှေးဟောင်းယဉ်ကျေးမှုများဖြစ်တဲ့ ရှင်မဟာရဋ္ဌသာရကျောက်စာတိုင်၊ စာဆိုတော်ရဟန်းရှင်လူအများတို့ရဲ့ ပုံတူပန်းချီကားတွေ၊ လက်ရေးမူတွေ၊ ခေတ်တစ်ရာမြို့ဟောင်းက တူးဖော်ရရှိတဲ့ ခေတ်အဆက်ဆက်က ရှေးဟောင်းပစ္စည်း ပေစာ၊ ပရပိုက်များ၊ ငွေသားပရပိုက်များ ထားရှိပြသထားတဲ့အတွက် သုသေသီများ၊ နိုင်ငံခြားသား များက နေ့စဉ်ဝင်ရောက်လေ့လာနေကြတဲ့ ပြတိုက်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ထိုကဲ့သို့ သမိုင်း အစဉ်လာကြီးမားလှတဲ့  ပြတိုက်နှင့်စာကြည့်တိုက်ဟာ ယခုအခါ ခေတ်မီ ဖွံံဖြိုးတိုးတက်တဲ့ နိုင်ငံတော် နှင့်အတူ အဆင့်တိုးမြှင့်ပေးရန် လိုအပ်နေကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ အောက်ပါ မေးခွန်းကို မေးခွင့်ပြုပါခင်ဗျား။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ပိဋကတ်စာကြည့်တိုက်နှင့် ယဉ်ကျေးမှု ပြတိုက်အား အဆောင်များတိုးချဲ့ပေးရန်၊ အင်တာနက်များတပ်ဆင်ပေးရန်၊ E-Library အဆင့်တိုးမြှင့် ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် တိုးမြှင့်ဆောင်ရွက် ပေးမည်ကိုလည်းသိလိုပါကြောင်း မေးမြန်းထားပါသည် ။


လယ်တီပိဋကတ်စာကြည့်တိုက်နှင့်စပ်လျဉ်းသည့်မေးခွန်း
 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ကျွန်မ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ဥက္ကဋ္ဌကြီးရှင့် ။ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ရှိ လယ်တီပိဋကတ်စာကြည့်တိုက်၊ ပိဋကတ်တိုက်ဆိုတာ စတင်ပြီးတော့ရင် ဒီစာကြည့်တိုက်ကို တည်ထောင်စဉ်အခါတုန်းက ရှေးအခေါ်နဲ့ ပိဋကတ်တိုက်လို့ပဲ ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ပိဋကတ်စာကြည့်တိုက်ဆိုပြီးတော့ စာကြည့်တိုက်ကိုပါတွဲပြီးခေါ်တာဖြစ်ပါတယ်။ အဲဒီ လယ်တီပိဋကတ်စာကြည့်တိုက်ကို လယ်တီ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီး ၁၀ နှစ်အကြာ ခရစ်သက္ကရာဇ် ၁၉၃၃ ခုနှစ်မှာ ရွှေတောင်မြို့ ၊ ဒီရင်တပုန်ရွာမှ ဦးမှတ်ကြီးနှင့် ဒကာ၊ ဒကာမ အများ ကောင်းမှုအဖြစ်နဲ့ ဆောက်လုပ်တည်ထောင်ခဲ့ ကြပါတယ်။ ဤပိဋကတ်စာကြည့်တိုက်ကို ဂျပန်ခေတ်၌ ကင်ပေတိုင်ရုံးအဖြစ်လည်းကောင်း၊ ထို့နောက် ပိုင်း၌ ဆေးရုံအဖြစ်လည်းကောင်း၊ မြို့နယ်သံဃာ့နာယကရုံးအဖြစ်လည်းကောင်း၊ လဝကရုံး အမှုတွဲ ထိန်းရာဌာနအဖြစ်လည်းကောင်း ခေတ်အဆက်ဆက်မှာ စာကြည့်တိုက်အဖြစ်နဲ့ မအပ်စပ်တဲ့ အသုံးချ မှုများကိုခံခဲ့ရပါတယ်။ ရှေးဟောင်းအဖိုးတန်စာပေတွေ၊ ပေစာတွေဆိုရင်လည်း အကုန်ပျက်စီးကုန် ပါပြီ။ နောက်စာအုပ်စာတမ်းများလည်း ဆုံးရှုံးပျောက်ကွယ်ခဲ့ရပါတယ်။ ခရစ်သက္ကရာဇ် ၂၀၀၄ ခုနှစ် ကိုရောက်လာတဲ့အခါမှာ ဒီစာကြည့်တိုက်ကြီးရဲ့အစိတ်အပိုင်းအချို့ကို၊ အဆောက်အဦကြီးတစ်ခုလုံး ကိုပြုပြင်ဖို့ရာအတွက် ငွေကြေးမတတ်နိုင်တဲ့အတွက်ကြောင့် တချို့သုံးလို့ရရင် အစိတ်အပိုင်းတချို့ ကိုပဲပြင်နိုင်ခဲ့တာပါ။ အဲဒီတော့ ကော်မတီဝင် ၁၅ ဦးပါဝင်တဲ့အဖွဲ့ကပြုပြင်ပြီး စာကြည့်တိုက်အဖြစ်နဲ့ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ယခုလက်ရှိအချိန်မှာ ရသ၊ သုတစာပေ၊ စာအုပ်စာတမ်းပေါင်း ၁၂၀၀၀၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာကြည့်တိုက်မှူး၊ စာရေး ၂ ဦး၊ စာကြည့်တိုက်အသင်း ဝင် ၂၈၀၀ တို့ဖြင့် နေ့စဉ် ညနေ ၃ နာရီကနေ ည ၈ နာရီအထိ စာငှား၊ စာကြည့်ဖွင့်ကာ ပုံမှန်လှုပ်ရှား ဆောင်ရွက်လျက်ရှိကြပါတယ်။ သို့ဖြစ်ပါ၍ ရှေးဟောင်းသမိုင်းဝင် ဤလယ်တီစာကြည့်တိုက်ကို စာကြည့်တိုက်ဆိုင်ရာ ခေတ်မီနည်းစနစ်များ ပံ့ပိုးတိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါတယ်။ အစီအစဉ်ရှိရင်လည်း မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်းမေးမြန်းရခြင်း ဖြစ်ပါသည် ။