(င) ခေါင်လန်ဖူးမြို့ပေါ်တွင် အချိန်ပြည့်လျှပ်စစ်မီးရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်များခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစီခန်ရမ် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့ပေါ်တွင် အချိန်ပြည့် လျှပ်စစ်မီးရရှိရေးနှင့်စပ်လျဉ်း၍ မေးမြန်းတင်ပြ လိုပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ခေါင်လန်ဖူးမြို့သည် မြန်မာနိုင်ငံြမောက်ဖျား ကချင်ပြည်နယ်အရှေ့မြောက်ဘက် အစွန်ဆုံး၊ အဝေးဆုံး မြို့ဖြစ်ပါတယ်။ ပူတာအိုမှ မချမ်းဘော၊ နောင်မွန်းမြို့နယ်များကို ဖြတ်ကျော်၍ မိုင်ပေါင်း ၁၂၉ မိုင်နှင့် ၄ ဖာလုံရှိပြီး ခြေလျင်ဖြင့် ၁၃ ရက်ခရီး လျှောက်ရပါတယ်။ နောင်မွန်းမြို့နယ်နှင့် ခေါင်လန်ဖူးမြို့အကြားတွင် လားလမ်း၊ လူသွားလမ်းမှအပ အခြားလမ်းမရှိပါ။ ခေါင်လန်ဖူးမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်း နေအိမ်များနှင့် ရပ်ကွက် ၄ ခု မှာ အိမ်ြခေပေါင်း ၁၀၀ ကျော် နေထိုင်သော ဝန်ထမ်းမြို့ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ခေါင်လန်ဖူးမြို့တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံဟူ၍မရှိပါ။ အင်ဂျင်မီးစက် တစ်လုံးဖြင့် ညစဉ် ၂ နာရီမှ ၃ နာရီထိသာ မီးလင်းပေးနိုင်ခဲ့ပါတယ်။ အင်ဂျင်ပါဝါအားနည်းမှုကြောင့် မြို့ပေါ်ဌာနဆိုင်ရာရုံးများကိုသာ မီးဖြန့်ဖြူးပေးပြီး၊ ရပ်ကွက်များကို မီးပေးနိုင်ခြင်းမရှိခဲ့ပါ။ စက်သုံးဆီ အခက်အခဲကြောင့် အချိန်ပိုင်းသာ မီးလင်းပေးနိုင်ကြောင်း သိရှိရပါတယ်။ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ တင်ပြချက်အရ ခေါင်လန်ဖူး အခြေခံပညာအထက်တန်းကျောင်းတွင် ပညာဆည်းပူးနေကြသော ကျောင်းသူကျောင်းသားများနဲ့ ဆရာ၊ ဆရာမများ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူအားလုံး အချိန်ပြည့်မီးရရှိရေးအတွက် မြို့ရဲ့မြောက်ဘက် ၃ မိုင်အကွာရှိ အထမ်ချောင်းတွင် အသေးစား ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပေးနိုင်ပါရန် အဆိုပြုတင်ပြကြပါတယ်။ အဆိုပါ လျှပ်စစ် ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ပြီးစီးပါက နွေမိုးဆောင်းရာသီမရွေး အချိန်ပြည့်လျှပ်စစ်ဓာတ်အား ထုတ်လုပ်အသုံးပြုနိုင်မှာဖြစ်ပါသဖြင့် နိုင်ငံတော်ကဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်အချိန်အခါတွင် ဆောင်ရွက်ပေးနိုင်မည်ကို ဖြေကြားပေးနိုင်ရန် လေးစားစွာမေးမြန်းအပ်ပါ တယ်။ ကျေးဇူးတင်ပါတယ်။(သြဘာသံများ)