( က ) ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်းရှိပြည်သူများ ဝမ်းစာအတွက်ဘဝရပ်တည်ရှင်သန်ရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ဖိတ်ကြားထားတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ နောင်မွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂျီဖုန်ဆားရ် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်းမှာနေထိုင်ကြသော ဒေသခံလူထုရဲ့စားဝတ်နေရေးနဲ့သက်ဆိုင်တဲ့ မေးခွန်း ကို မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဟာ မြန်မာနိုင်ငံ မြောက်ဘက်စွန်း နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့နယ်ခွဲမှာတည်ရှိပြီးတော့ ဧရိယာ အကျယ်အဝန်း ၁၄၇၂ စတုရန်းမိုင် ကျယ်ဝန်းကြောင်းသိရှိရပါတယ်။ ဥယျာဉ်ရဲ့ဧရိယာအတွင်းမှာ ကျေးရွာပေါင်း ၁၅ ရွာရှိပြီးတော့ လူဦးရေ ၁၀၀၀ ကျော်ခန့်နေထိုင်ကြပါတယ်။ ၎င်းဒေသဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်လောက်မှာတည်ရှိပြီးမှ အလွန်အေးတဲ့ ရာသီဥတုကြောင့် ဆန်စပါးမစိုက်ပျိုးနိုင်ဘဲဒေသထွက်ဖြည့်စွက်သီးနှံများသာ စိုက်ပျိုးစားသုံးနေထိုင် ကြပါတယ်။ ဒါ့အပြင်  သဘာဝသစ်တောထွက်ပစ္စည်းများကိုသာ အဓိကထားပြီးမှ ပင်ပန်းခက်ခဲစွာ အသက်မွေးဝမ်း‌ကျောင်း ပြုကြရတဲ့နေရာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလမှ စပြီး ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကြေညာပြီးတဲ့နောက်ပိုင်းမှာ သားငှက်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေရဲ့ ကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်ကြရမှာဖြစ်တဲ့အတွက် ဒေသခံများရဲ့မိရိုးဖလာ နေထိုင် စားသောက်မှုအခက်အခဲများရှိလာကြောင်း လေ့လာတွေ့ရှိရပါတယ်။ နိုင်ငံတော်အတွက် ကောင်းမွန် သောရည်ရွယ်ချက်များဖြင့် အမျိုးသားဥယျာဉ်သတ်မှတ်ပြီးတော့ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို လှိုက်လှဲစွာကြိုဆိုရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်းပဲ ဥယျာဉ်အတွင်းမှာ နေထိုင် ကြတဲ့ ဒေသခံများရဲ့စားဝတ်နေရေးအတွက် ထည့်သွင်းစဉ်းစားပေးရန်လည်းပဲ လိုအပ်လာပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ အောက်ပါမေးခွန်း ၂ ခုကို မေးမြန်းရခြင်းဖြစ်ပါတယ်။ ကျွန်တော် မေးမယ့် မေးခွန်းနံပါတ်(၁)ကတော့ ဒေသခံလူထုရဲ့ စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေ ရန် ဒေသထွက်ဆေးဖက်ဝင်များဖြစ်သော ရှီးပတီး(ခေါ်) ပိုးနွယ်ကောင်၊ မဂျစ်ဥ၊ ခူရှားဥ၊ ခန်းတောက် မြစ်နှင့် ဆားချီ (ခေါ်) ဆေးဘက်ဝင် သစ်ဥများကို ရှာဖွေရောင်းဝယ်ခွင့်ပြုနိုင်၊ မပြုနိုင်သိလိုပါတယ်။
    မေးခွန်းနံပါတ် (၂)  ကတော့ ဥယျာဉ်ဧရိယာအတွင်းမှာနေထိုင်ကြသော ပြည်သူလူထုရဲ့ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးများ  တိုးတက်ကောင်းမွန်လာစေရန် သက်ဆိုင်ရာမှ ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ၊မရှိ သိလိုပါကြောင်း လေးစားစွာမေးမြန်းတင်ပြထားပါသည် ။