(ဃ) ၁၀၀ ကေဗွီအေထရန်စဖော်မာအား ၂၀၀ ကေဗွီအေထရန်စဖော်မာအဖြစ် ပြောင်းလဲတပ်ဆင် ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

အလေးအမြတ်ပြုအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင်‌့ ဒုတိယဥက္ကဋ္ဌ၊ ဖိတ်ကြားထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးကို ကောင်းကျိုးလိုရာဆန္ဒအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မ၏မေးခွန်းကို ဖတ်ကြား တင်ပြခွင်‌့ပြုပါ။ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ နွားမယံကျေးရွာသည် လွန်ခဲ့သော နှစ် ၃၀ ခန့်မှ ယနေ့အထိ လျှပ်စစ်မီးကို စွမ်းအင်ဝန်ကြီးဌာန၊ ရေနံသိုလှောင်ဖြန့်ဖြူးရေး ဌာနခွဲ (က) အဆင့်မှ ချိတ်ဆက်အသုံးပြုလျက်ရှိပါသည်။ ထိုသို့ အသုံးပြုရာတွင် ယခုအခါ ယခင်    ကထက် အိမ်တိုင်းရှိသရွေ့ လျှပ်စစ်အသုံးပြုမှုများပြားလာ၍ အခြေအနေကွာခြားမှုကြောင့် ညအခါ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာ၌လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာန၏ ဆီတင်စက်နှင့် ရေတင်စက် များမောင်းနှင်အသုံးပြုသည့်အခါ၌လည်းကောင်း ကျေးရွာနှင့်ဝန်ထမ်းအိမ်ရာများကို လျှပ်စစ်မီး ဖြတ်တောက်အသုံးပြုကြရပါသည်။ သို့ဖြစ်ပါ၍ လက်ရှိအသုံးပြုလျက်ရှိသော စွမ်းအင်ဝန်ကြီးဌာန၏ ၁၀၀ ကေဗွီအေထရန်စဖော်မာကို ၂၀၀ ကေဗွီအေထရန်စဖော်မာနှင့် ပြောင်းလဲတပ်ဆင်ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကိုသိလိုပါ သည် ။
လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးနှင်‌့စပ်လျဉ်းသည့်မေးခွန်း
ဥက္ကဋ္ဌ။        ။ ဦးကျော်စိုးလေးကိုယ်စား ကိုယ်စားလှယ်တစ်ဦးက မေးမြန်းဖို့ဖြစ်ပါတယ်။
ဦးမျိုးဆွေ(တနိုင်းမဲဆန္ဒနယ်)။         ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ တနိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီမေးခွန်းကို ဦးကျော်စိုးလေး၊ မိုးညှင်းမဲဆန္ဒနယ်၏ကိုယ်စား မေးမြန်း ခြင်းဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်အတွင်း နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးမည့် အစီအစဉ်နှင့်စပ်လျဉ်းပြီး အောက်ဖော်ပြပါအတိုင်း မေးခွန်းသုံးခုမေးမြန်းလိုပါတယ်-
(၁)    ယခုအခါ နဘား၊ မိုးညှင်း၊ မိုးကောင်း ၆၆ ကေဗွီ ဓာတ်အားလိုင်းများကို တည်ဆောက် လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သဖြင့် မည်သည့်ကာလတွင် လျှပ်စစ် ဓာတ်အားများပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်နည်း။
(၂)     လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးရာတွင် မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများပါဝင်မှု ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ကျေးရွာများပါဝင်မည်နည်း။
    (၃)    အကယ်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးရာတွင် စီမံကိန်းအရ မပါဝင်သော ကျေးရွာများအနေဖြင့် လျှပ်စစ်မီးရရှိလိုပါက မည်ကဲ့သို့ဆောင်ရွက်ရမည်နည်းဆိုတဲ့  အချက် သုံးချက် ကိုပြန်လည်‌ြဖေကြားပေးပါရန် လေးစားစွာ မေးမြန်းထားပါသည် ။