( ဆ ) မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဖမ်းယူထုတ်လွှင့်မှုနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်ရွှေ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြန်ကြားရေးနှင့်စပ်လျဉ်းတဲ့ မေးခွန်းတစ်ခုကို မေးမြန်းသွားမှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် မြို့သစ်မြို့နယ်ခွဲဟာ တမူးမြို့မှ ၃၅ မိုင်ခန့်ကွာဝေးတဲ့ ကဘော်ချိုင့်ဝှမ်းဒေသရဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။ အဲဒီမြို့နယ်ခွဲမှာ ပြန်ကြားရေး ဝန်ကြီးဌာနမှ ၂၀၀၉-၂၀၁၀ ဘတ်ဂျက်နှစ်မှာ ရုပ်မြင်သံကြားနှင့်ထပ်ဆင့်လွှင်စက်ရုံကို တည်ဆောက် နေတာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်၊ ဧပြီလအတွင်းမှာ အဆောက်အဦများ ပြီးစီးပြီ ဖြစ်ပါတယ်။ အခုအချိန်မှာ အဆိုပါဒေသမှ လုပ်သားပြည်သူများက ရုပ်မြင်သံကြားထုတ်လွှင့်မှုကို ကြည့်ရှုလိုတဲ့ ဆန္ဒများ ပြင်းပြနေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အဲဒီမြို့နယ်ခွဲမှာ ရုပ်မြင်သံကြားထုတ်လွှင့်မှုကို မည်သည့်အချိန်မှာ စတင်နိုင်ဖို့အတွက် စီစဉ်ထားရှိကြောင်း သိလိုပါသဖြင့် မဲဆန္ဒရှင်များရဲ့ကိုယ်စား မေးမြန်းထားပါသည် ။