(ဈ) ရုပ်သံလိုင်းအမျိုးမျိုးတွင် တိုင်းရင်းသားဘာသာဖြင့် သတ်မှတ်ထုတ်လွှင့်ပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြား ထားသောဧည့်သည်တော်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လူကြီးမင်းများအားလုံးကို ဂါရဝပြု ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ လင်းခေးမဲဆန္ဒနယ်မှ ကိုယ်စားလှယ် စိုင်းလှကျော်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များတွင် များစွာပြောင်းလဲ တိုးတက်လျက်ရှိပါတယ်။ MRTV, MRTV-4, MWD, Family Entertainment, Sky Net စသည်ဖြင့် အခပေး၊ အခမဲ့ အမျိုးမျိုးဖြင့်ထုတ်လွှင့်နေကြပါတယ်။ ရေဒီယိုအသံလွှင့်ကဏ္ဍတွင်လည်း မြန်မာ့အသံအပြင် FM Radio အစီအစဉ်အမျိုးမျိုးကိုလည်း များစွာထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ၎င်းရုပ်သံလွှင့်လိုင်းထဲမှ တိုင်းရင်းသားဘာသာဖြင့် ထုတ်လွှင့်မှုများ သီးခြားထုတ်လွှင့်ပေးမှုများ မတွေ့ရှိရသေးပါခင်ဗျား။ ကြားညှပ်အစီအစဉ်ဖြင့်သာ တွေ့ရှိရပါတယ်။ နယ်စပ်ဒေသနှင့်အခြားဝေးလံ သော ဒေသများမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားများဟာ မြန်မာဘာသာစကားကို နားလည်သိရှိခြင်း မရှိသေးတဲ့လူများလည်း အများအပြားရှိနေပါတယ်။ ထို့ကြောင့် ဖျော်ြဖေရေးကဏ္ဍတစ်ခုအနေဖြင့် လည်းကောင်း၊ အရေးကြီးသည့် သိသင့်သိထိုက်သည့် သတင်းနှင့်စည်းရုံးရေးကိစ္စများအတွက် ကဏ္ဍတစ်ခုအနေဖြင့်လည်းကောင်း၊ တိုင်းရင်းသားဘာသာဖြင့် ထုတ်လွှင့်သင့်တယ်လို့ ထင်မြင်ယူဆ မိပါတယ်။ ထို့ကြောင့် ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းမှာ ယခုထုတ်လွှင့်နေသော ရုပ်သံလွှင့်လိုင်း အမျိုးမျိုးတွင် တိုင်းရင်းသားဘာသာဖြင့် သတ်သတ်မှတ်မှတ် ထုတ်လွှင့်ပေးရန်အစီအစဉ်ရှိ၊ မရှိသိလိုပါတယ်။ အကယ်၍ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် မည်ကဲ့သို့ ထုတ်လွှင့်ပေးမည့် အကြောင်းနှင့် အစီအစဉ်မရှိပါက ပြဋ္ဌာန်းချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ မိမိတို့ တိုင်းရင်းသား အစီအစဉ်များကို မိမိတို့ကိုယ်ပိုင်အစီအစဉ်ဖြင့် ဆောင်ရွက်နေခွင့်ရှိ၊ မရှိ မေးမြန်းလိုပါသည် ။