(က)ရွှေနှင့်ကျောက်မျက်တူးဖော်ခြင်းကြောင့် ရေနောက်ကျိပျက်စီးနေမှုကိုဆောင်ရွက်ပေးရန်နှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-26

 လေးစားရပါသောဥက္ကဋ္ဌကြီးနှင့် အစည်းအဝေး တက်ရောက်လာကြသော လူကြီးမင်းများ မင်္ဂလာပါခင်ဗျား။ ကျွန်တော့်မဲဆန္ဒနယ်ဖြစ်သော အင်းတော် မြို့နယ်ဟာ  စစ်ကိုင်းတိုင်းဒေသကြီးရဲ့  အထက်ပိုင်းက မြို့နယ်တစ်မြို့နယ် ဖြစ်ပါတယ်။  မြောက်ဘက် မှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နဲ့ ဆက်စပ်နေတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ် အတွင်းမှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းကနေ စီးဆင်းလာတဲ့ လေးတန်လို့ခေါ်တဲ့ ချောင်း တစ်ချောင်းရှိပါတယ်။ အဲဒီချောင်းဟာ မဲဇာချောင်းထဲကိုစီးဝင်သွားပြီး  ဧရာဝတီမြစ်ထဲကို မဲဇာချောင်း ကြီးစီးဆင်းသွားတာ အများအသိဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော် အဓိကတင်ပြလိုတဲ့အချက်ကတော့ အဲဒီ မြို့နယ်ထဲမှာ စီးဆင်းနေတဲ့ လေးတန်ချောင်းဟာ ၁၂ ရာသီပတ်လုံးရေများနောက်ကျိလို့နေပါ တယ်။ ကျွဲ၊ နွားတိရစ္ဆာန်တောင်မှ သောက်သုံးလို့မရတဲ့အဆင့်အထိတောင် ရေရဲ့အရည်အသွေးဟာ အင်မတန်ကိုပျက်စီးနေပါတယ်။ ဒီလိုတွေဖြစ်ရတဲ့အကြောင်းဟာ ဘာကြောင့်လဲလို့ လေ့လာကြည့် တဲ့အခါမှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှာ နမ့်မချီဆိုတဲ့ မှော်မှာရွှေနဲ့ကျောက်မျက်များကို တူးဖော်နေတဲ့အတွက်ကြောင့်လို့ ကြားသိရပါတယ်။ ဒီအတွက် ပျက်စီးနေတဲ့ချောင်းရေများကို ဖြေရှင်း ပေးနိုင်ခြင်းရှိ၊မရှိသိလို၍ မေးမြန်းထားပါသည် ။