(ခ)ကိုးတန်ချောင်းတံတားအား ကြိုးတံတားအဖြစ်တည်ဆောက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မော်လိုက်မြို့နယ်ကိုယ်စား ပြုလျက် ဒေသခံပြည်သူလူထုအကျိုးအတွက် အမာခံသံကြိုးတံတားဆောက်လုပ်ရေးနှင့်ပတ်သက်ပြီး မေးခွန်းမေးမြန်းသွားမှာဖြစ်ပါတယ်။ လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ မုံရွာ-သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း ဟာ မြန်မာနိုင်ငံအနောက်မြောက်ဘက်ဒေသအတွက် မဟာဗျူဟာမြောက်လမ်းကြောင်းဖြစ်နေသည် ကိုလေ့လာတွေ့ရှိရပါတယ်။ ယင်းလမ်းကြောင်းဖောက်လုပ်ရန် စီမံလမ်းညွှန်မှုပေးခဲ့သော ယခင် တပ်မတော်အစိုးရကိုလည်း အထူးလေးစားဂုဏ်ပြုရမှာဖြစ်သလို လမ်းဖောက်လုပ်ပေးခဲ့တဲ့ ပြည်သူ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကိုလည်း များစွာကျေးဇူးတင်ရှိပါကြောင်း ပြည်သူလူထုရဲ့ကိုယ်စား ဒီနေရာကနေ ပြောကြားလိုက်ရပါတယ်။ ချင်းတွင်းမြစ်ရေဟာ တစ်နေ့ထက်တစ်နေ့ ရေနည်းပါးလာပြီး သောင်တွေထွန်းလာတဲ့အတွက်ကြောင့် အထက်ဖော်ပြပါလမ်းကြောင်းဟာ တစ်နှစ်ထက်တစ်နှစ် ပိုမို အသုံးတည့်လာသည်ကို တွေ့ရှိရပါတယ်ခင်ဗျား။ လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ မော်လိုက်မြို့နယ်အတွင်းရှိ ကိုးတန်ချောင်း ဟာ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း မိုင်တိုင်အမှတ် ၄၄ မိုင် ၇ ဖာလုံနှင့် ၄၅ မိုင်ကြား သောင်းအင်ကျေးရွာနှင့် သံနန်းတောကျေးရွာအကြား ခန့်မှန်းမြေပုံညွှန်း (SL-020018) ကြားမှာ တည်ရှိပြီးချောင်းရဲ့အကျယ်ဟာ နွေရာသီမှာ ပေ ၂၉၀ ခန့်ရှိပြီး မိုးတွင်းမှာဆိုလို့ရှိရင် ပေ ၄၀၀ ခန့် ကျယ်ပြန့်ပါတယ်။ နွေရာသီမှာ ရေ ၂ ပေခန့်ရှိပြီး မိုးတွင်းမှာနွေရာသီမှာရှိတဲ့ရေထက် ၁၂ ပေ၊ ၁၃ ပေ မြင့်တက်လာသည်ကိုတွေ့ရပါတယ်။ တောင်ကျရေနှင့်အတူ သစ်ပင်တွေမျောပါလာပြီး တံတားတိုင် တွေကိုကန့်လန့်ခံကာ တံတားတွေနှစ်စဉ်ပျက်စီးလျက် နိုင်ငံတော်မှလည်း နှစ်စဉ်ငွေအကုန်အကျခံ၍ သံကြိုးတံတားတွေကိုတည်ဆောက်ပေးနေတာကိုတွေ့ရပါတယ်။ ယင်းကိုးတန်ချောင်းဟာ သံကြိုး တံတားဆောက်လုပ်မှသာလျှင် အဆင်ပြေမှာဖြစ်ပါတယ်။ နိုင်ငံတော်မှ အမာခံသံကြိုးတံတား ဆောက်လုပ်မည်ဆိုပါလျှင် မော်လိုက်မြို့နယ် ပြည်သူလူထုအနေနဲ့လည်း ကျပ်သိန်း ၁၂၀ ထည့်ဝင် လှူဒါန်းမည်ဖြစ်ကြောင်းသိရှိရပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေနှင့် မော်လိုက်မြို့နယ်အတွင်းရှိ သောင်းအင်ကျေးရွာနှင့် သံနန်းတောကျေးရွာကြားရှိ ကိုးတန်ချောင်းတံတားအား အမာခံသံကြိုး တံတားဆောက်လုပ်ရန် အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါလျှင် မည်သည့်အချိန်ကာလတွင် ဆောက်လုပ်ပေးမည်ကိုသိလိုပါ၍ ယခုလိုမေးမြန်းထားပါသည် ။