(ဂ)ရေကျော်တံတားတည်ဆောက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များခင်ဗျား။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ထီးချိုင့်-ကျောင်းကုန်းလမ်းအပိုင်း ကွမ်းတုံ-ကျောက်အိုက်ရွာအနီးမှာရှိတဲ့ ကွမ်းဘောင်ချောင်းမကြီး နေရာမှာ ဖြတ်သန်းတဲ့ ရေကျော်တံတားတည်ဆောက်ပေးရေးကိစ္စ တင်ပြမေးမြန်းသွားမှာဖြစ် ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ထီးချိုင့်-ကျောင်းကုန်းလမ်းအပိုင်းဟာ အရှည် ၂၀ မိုင် ၂ ဖာလုံဖြစ်ပါတယ်။ ရွှေဘို-မြစ်ကြီးနားမဟာဗျူဟာလမ်းမကြီးပေါ်မှာရှိတဲ့အင်းတော်မြို့နယ်၊ကျောင်းကုန်းရွာသို့ဆက်သွယ် ဖောက်လုပ်ထားပါတယ်။ ၁၉၉၂ခုနှစ်က နိုင်ငံတော်က ကတ္တရာလမ်းမကြီးအဖြစ် ဆောင်ရွက် ပေးခဲ့တာဖြစ်ပါတယ်။ ကာလကြာမြင့်ခဲ့ပြီးဖြစ်တဲ့အတွက် တချို့နေရာများမှာ ပျက်စီးမှုများရှိနေပြီး ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတော်ကခွင့်ပြုရန်ပုံငွေကျပ် ၂၁၅၅ သိန်း ချမှတ်ပေးခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက ကတ္တရာခင်းခြင်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက် လျက်ရှိပါတယ်။ ထီးချိုင့်-ကျောင်းကုန်းလမ်းအပိုင်းဟာ အနောက်မဟာဗျူဟာ လမ်းမကြီးဖြစ်တဲ့ ရွှေဘို-မြစ်ကြီးနားလမ်းမကြီးကို ဆက်သွယ်တဲ့လမ်းဖြစ်တဲ့အတွက် ဆက်သွယ်မှုလမ်းကြောင်းဟာ အရေးပါတဲ့ လမ်းအပိုင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ထီးချိုင့်-ကျောင်းကုန်း လမ်းအပိုင်းမှာ ကွမ်းတုံ-ကျောက်အိုက်ရွာအနီးမှာရှိတဲ့ ကွမ်းဘောင်ချောင်းမကြီးအား ဖြတ်သန်းရမယ့် နေရာတစ် နေရာရှိနေပါတယ်။ ၎င်းချောင်းမကြီးဟာ မိုးရာသီကာလမှာ ရေစီးသန်ပြီး ရေကြီးမြင့်မှုကြောင့် ဖြတ်သန်းသွားလာမှု အခက်အခဲရှိနေတာကို တွေ့နေရပါတယ်။ ဒီလိုတံတားတည်ဆောက်ပေးမယ် ဆိုရင် ပိုမိုသင့်တော်ပြီးသွားလာမှု အဆင်ပြေစေမှာဖြစ်ပါတယ်။ ဒေသခံမိဘပြည်သူများကလည်း ရေကျော်တံတား တည်ဆောက်ပေးရန်ဆန္ဒရှိကြပါတယ်။ ချောင်းမကြီးဟာ ရေကျော်တံတား တည်ဆောက်မယ်ဆိုရင် ခန့်မှန်းအလျားပေ ၆၀၀ ခန့်ရှိပါတယ်။ ရေနည်းချိန်မှာ အနိမ့်ဆုံးရေမှတ် ၂ ပေ၊ ရေများချိန်မှာ အမြင့်ဆုံးရေမှတ် ၅ ပေခန့်ရှိကြောင်းသိရပါတယ်။ သို့ပါ၍ သွားလာမှုအဆင်ပြေ စေရန်အတွက် ရေကျော်တံတားတည်ဆောက် ပေးနိုင်ပါရန်နှင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုတဲ့အတွက် မေးမြန်းထားပါသည် ။