(ဃ)မြစ်ကမ်းပြိုမှုကို ပြန်လည်ပြုပြင်ထိန်းသိမ်းပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဖြစ်ပါတယ်။ လေးစားရသောဥက္ကဋ္ဌကြီးခင်ဗျား။ ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့နယ်ဟာ ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ကမ်းမှာတည်ရှိတဲ့ မြို့နယ်တစ်မြို့နယ် ဖြစ်ပါတယ်။ ယခင်ဆယ်စုနှစ်များဆီက ပြည်မြို့ရဲ့အထက်ဘက် ဧရာဝတီမြစ်ကမ်းရိုးတစ်လျှောက် မှာရှိတဲ့ရွာများဖြစ်တဲ့ ဖိုးခေါင်ရွာ၊ လက်ခုပ်ပင်ရွာ၊ မြရွာ၊ ကုန်းသလင်းရွာ၊ သဲဖြူရွာစတဲ့ ကျေးရွာ များကစပြီးတော့ ပြည်မြို့၊ နဝင်းရပ်ကွက်အထိ နွေရာသီရောက်ပြီဆိုလျှင် မြစ်ရေကျလာပြီဆိုလျှင် မြစ်ကမ်းတစ်လျှောက်မှာ ‌ြမေနုကျွန်းကြီးများ တစ်မျှော်တစ်ခေါ်ပေါ်ပေါက်လာခဲ့ပါတယ်။ ယင်း‌ြမေနု ကျွန်းများပေါ်မှာ ကျေးရွာသူကျေးရွာသားများက ခရမ်း၊ ဖရုံ၊ ငရုတ်စတဲ့သီးနှံတွေကို နှစ်စဉ်စိုက်ပျိုး ကြပြီး ဝင်ငွေတိုးခဲ့ကြပါတယ်။ လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်မြို့၊ မြရွာမြစ်ရေတင်စီမံကိန်း ကို ၂၀၀၅ ခုနှစ်ကတည်ဆောက်ခဲ့ပြီးတော့ မြစ်ကြောင်းထိန်းသိမ်းရေးပညာရှင်များက နွေ၊ မိုး၊ ဆောင်း ရာသီတိုင်း အဲဒီမြစ်ရေတင်နေရာကို မြစ်ရေရောက်ရှိဖို့အတွက် မြစ်ရဲ့အထက်ပိုင်းမှာ ရေကာများ ရိုက်ပြီးတော့ ဧရာဝတီမြစ်ရေကြောင်းကိုပြုပြင်ခဲ့ကြပါတယ်။ မြရွာမြစ်ရေတင်နေရာကို ရည်မှန်းချက် အတိုင်း ရေရောက်ရှိခဲ့သော်လည်း ၎င်းရေလမ်းကြောင်းက ရေဦးဟာ မြစ်ရေတင်စီမံကိန်းရဲ့ အောက်ဘက်မှာရှိတဲ့ မြရွာ၊ လက်ခုပ်ပင်ရွာ၊ ဖိုးခေါင်ရွာများအပြင် ပြည်မြို့နဝင်းရပ်ကွက်အထိ ရေထိုးပြီး ရေတိုက်စားခြင်းခံနေရပါတယ်။ အဲဒီလို ရေတိုက်စားခြင်းကြောင့် နှစ်စဉ်ပေါ်ထွန်းခဲ့တဲ့ ခုနက ‌ြမေနုကျွန်းကြီးတွေပျောက်ကွယ်သွားပြီးတော့ ကမ်းနားတစ်လျှောက်မှာ ‌ချောက်ကမ်းပါးကြီးများ ဖြစ်ပြီး ကမ်းပါးကြီးများပြိုကျခြင်းကြောင့် ရွာမှာရှိတဲ့ ကမ်းနားမှာရှိတဲ့ လူနေအိမ်များပြောင်းရွှေ့ နေရပါတယ်။ ယင်းအတွက် အောက်ပါမေးခွန်းတစ်ခုကို မေးလိုပါတယ်ခင်ဗျား။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် မြရွာမြစ်ရေတင်စီမံကိန်းရေကာများရိုက်ထားခြင်းကြောင့် ရေကြောင်းများပြောင်းလဲကာ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းတစ်လျှောက်ရွာများ၊ လူနေအိမ်များ၊ စိုက်ခင်းများ ဆုံးရှုံးမှု ဖြစ်ပေါ်နေသည်ကို ရေကြောင်းထိန်းသိမ်းရေးဦးစီးဌာနက ပြန်လည်ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိနဲ့ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ပြုလုပ်ပေးမည်ကို မေးမြန်းထားပါသည် ။