(င)ခရီးသည်တင်လေယာဉ်ငယ်များနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်မြို့နယ် အတွက် ဒုတိယမေးခွန်းတစ်ခုကို မေးခွင့်ပြုပါခင်ဗျား။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပဲခူးတိုင်း၊ ပြည်မြို့မှာ လေယာဉ်ကွင်းတစ်ကွင်းရှိပါတယ်။ အဲဒီလေယာဉ်ကွင်းကို ၁၉၅၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီးတော့ ၁၉၆၈ ခုနှစ်မှာတစ်ကြိမ်၊ ၁၉၆၉ ခုနှစ်မှာတစ်ကြိမ် လေယာဉ်လမ်းတွေ ကို တိုးချဲ့ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အဲဒီလေယာဉ်လမ်းတွေဟာ အလျား ၄၅၀၀ ပေ၊ အကျယ် ၃၅၀၀ ပေဖြစ်ပြီးတော့ ြမေလမ်းရဲ့ခံနိုင်အားဟာ ၄၅၀၀၀ PSI ရှိတဲ့အတွက် ဖော်ကာအက်ဖ်-၂၇ အမျိုးအစားလေယာဉ်များအထိ ဆင်းသက်နိုင်ကြောင်း သိရှိရပါတယ်။ ယခုအခါ ယင်းလေယာဉ် ကွင်းကို အရေးကြီးပုဂ္ဂိုလ်များရဲ့ လေယာဉ်များ၊ တပ်မတော် (လေ) မှ လေ့ကျင့်ရေးလေယာဉ်များ အခါအားလျော်စွာ အသုံးပြုနိုင်တဲ့လေယာဉ်ကွင်းကောင်းတစ်ခုဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ယခင်က ပဲခူးတိုင်းကို ပဲခူးတိုင်းအရှေ့၊ ပဲခူးတိုင်းအနောက်ရယ်လို့ ခွဲခြား တုန်းက ကျွန်တော်တို့ ပြည်မြို့ဟာ ပဲခူးတိုင်းအနောက်ပိုင်းရဲ့ တိုင်းရုံးစိုက်ရာ မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ ခရီးသွားများ၊ ဝန်ထမ်းများ၊ ကုန်သည်ပွဲစားများဖြင့် ရောင်းဝယ်ဖောက်ကား စည်ကားတဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ သရေခေတ္တရာမြို့ဟောင်းဒေသတည်ရှိနေတဲ့အတွက် နိုင်ငံခြားဧည့်သည်များ ဝင်ရောက်လှည့်လည်သော မြို့လည်းဖြစ်ပါတယ်။ ဒါကြောင့် ကုန်းလမ်း၊ ရေလမ်းအပြင် လေယာဉ် လမ်းဖြင့် ခရီးသွားလိုသော ခရီးသည်အများအပြားရှိကြပါတယ်။ ဒီအတွက်ကြောင့် ပြည်မြို့နေ မြို့သူ၊ မြို့သားများရဲ့ဆန္ဒကို ဖော်ဆောင်ပေးနိုင်ရန် အောက်ပါမေးခွန်းကို မေးလိုပါတယ်ခင်ဗျား။ ပြည်မြို့ရှိ လေယာဉ်ကွင်းကို အစိုးရပိုင်လေကြောင်းလိုင်းမှဖြစ်စေ၊ ပုဂ္ဂလိကပိုင် လေကြောင်းခရီးစဉ်မှဖြစ်စေ ခရီးသည်တင်လေယာဉ်ငယ်များ ဆင်းသက်ပြီး အများပြည်သူများကို ပို့ဆောင်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိနဲ့ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်မည်ကို မေးမြန်းထားပါသည် ။