(ဆ)မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြား၍တက်ရောက်လာကြသော ပုဂ္ဂိုလ်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာဟာ မြင်းခြံမြို့နှင့် ၂၉ မိုင် ကွာဝေးပါတယ်။ ရပ်ကွက် ၁၁ ခုရှိပြီးတော့ ဧရာဝတီမြစ်ကမ်းရဲ့အရှေ့ဘက်ရှိ၊ မြင်းခြံမြို့ရဲ့ မြောက်ဖျားဆုံးကျေးရွာဖြစ်ပါတယ်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရန်ကုန်-မန္တလေးခရီးစဉ်၊ မန္တလေး-ညောင်ဦးခရီးစဉ်၊ ကသာ-ရန်ကုန်ခရီးစဉ်ဈေးသင်္ဘောကြီးများ၊ ခရီးသည်ပို့ဆောင်ရေး သင်္ဘောကြီး/သင်္ဘောငယ်များဆိုက်ကပ်ရပ်နားတဲ့ သင်္ဘောဆိပ်ကမ်းကြီးဖြစ်ပါတယ်။ ကျေးရွာရှိ ရပ်ကွက် ၆ ခုဟာ ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိပြီး ဧရာဝတီမြစ် မြစ်ကြောင်းပြောင်းလဲရေစူးထိုးမှု ဖြစ်ပေါ်၍ ကမ်းပါးဘေးတွင်နေထိုင်ကြသောနေအိမ်များဟာ မြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့ နေထိုင်ရခြင်း၊ ငွေကြေးကုန်ကျမှု ဖြစ်ပေါ်ခြင်းတို့ရှိပါတယ်။ အလားတူပဲ ဆီမီးခုံကျေးရွာရဲ့ တောင်ဘက်မှာတည်ရှိတဲ့ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများဖြစ်ကြတဲ့ စားကြူးရွာ၊ စားကြူး အလယ်ရွာ၊ ကျည်ရွာကျေးရွာတွေဟာ နှစ်စဉ်နှစ်တိုင်းလိုပင်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျ သဖြင့် လူနေအိမ်များ၊ စိုက်ပျိုးမြေများ၊ သီးနှံများဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိပါတယ်။ ထို့အပြင် မြင်းခြံမြို့ ရဲ့အနောက်တောင်ဘက်ရှိ ၁၂ မိုင်ခန့်ကွာဝေးသော လင့်ကြီးကျေးရွာဟာလည်း ၂၀၁၁ ခုနှစ်၊ သြဂုတ် လအတွင်းက ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် လူနေအိမ် ၃၅ လုံး၊ အိမ်ထောင်စု ၃၇ စုကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ သို့ဖြစ်ပါ၍ မြင်းခြံမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ဧရာဝတီမြစ် ကမ်းဘေးတွင်တည်ရှိနေသည့် ဆီမီးခုံကျေးရွာ၊ စားကြူးကျေးရွာ၊ စားကြူးအလယ်ရွာ၊ ကျည်ရွာ ကျေးရွာ၊ လင့်ကြီးကျေးရွာတို့အား မြစ်ရေတိုက်စားမှုကြိုတင်ကာကွယ်တားဆီးရေး၊ မြစ်ကြောင်း ထိန်းသိမ်းမှုလုပ်ငန်းများကို ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်ရန်အစီအစဉ်ရှိ၊ မရှိသိလို၍ ဒေသနေ ပြည်သူများရဲ့ဆန္ဒအရ မေးမြန်းထားပါသည် ။