(က)အငြိမ်းစားလစာငွေများ ထုတ်ယူရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာကြသော ဧည့်သည်များ အားလုံးကို ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မ ကတော့ ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး ဖြစ်ပါတယ်။ မေးခွန်းနဲ့ပတ်သက်လို့ ဥက္ကဋ္ဌကြီးက တိုတိုလေးမေးဆိုလို့ တိုတိုလေးနှစ်ခုလောက် ပြောပါရစေ။ တစ်ခုကကျတော့ ကျွန်မအရွေးခံခဲ့တဲ့ ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ဟာ မြန်မာပြည်မှာ အငြိမ်းစားဝန်ထမ်းတွေ အများဆုံးစုဝေးနေထိုင်တဲ့ မြို့နယ် တစ်ခု ဖြစ်ပါတယ်ဆိုတာ နံပါတ်(၁) ပြောလိုပါတယ်။ နံပါတ်(၂)ကကျတော့   အခုအစိုးရကနေပြီးတော့ အငြိမ်းစား ဝန်ထမ်းတွေကို လစာတိုးမြှင်‌့ပေးတဲ့အချိန်မှာ ဒီအစိုးရက ချထားတဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း မှာနေတဲ့ အငြိမ်းစားဝန်ထမ်းတွေရဲ့ အသက်တွေဟာဆိုလို့ရှိရင် ၇၀ တန်းဖြစ်နေတဲ့ အသက်ကြီးတဲ့၊ ကျန်းမာရေးချို့ယွင်းတဲ့ အငြိမ်းစားဝန်ထမ်းတွေဖြစ်ကြောင်းလည်း တင်ပြလိုပါတယ်။ ဒါက အငြိမ်းစား ဝန်ထမ်းတွေ ဘက်ကပါ။ အစကတည်းက နဝတလက်ထက်မှာ လုပ်သက် ၂၀ ပြည့်တဲ့ ဝန်ထမ်းတွေကို ချီးမြှောက်တဲ့အနေနဲ့ အိမ်ရာတွေကို ချပေးပြီးတော့ ကျန်းမာရေး၊ ပညာရေး၊ သစ်တော အစရှိသဖြင့် သတ္တုဆိုပြီးတော့ ဝန်ကြီးဌာနအလိုက်ချပေးတဲ့အတွက်ကြောင့် အစိုးရအပေါ်မှာ သစ္စာရှိစွာ နှစ်ပေါင်း ြမောက်မြားစွာနေထိုင်ခဲ့တဲ့ ကျန်းမာရေးချို့ယွင်းတဲ့ အငြိမ်းစားဝန်ထမ်းတွေဆိုတာ အားလုံးခန့်မှန်း မိမှာပါ။ နောက်တစ်ခုက အငြိမ်းစားဝန်ထမ်းကတစ်ပိုင်း၊ ဒုတိယပိုင်းကတော့ မြန်မာပြည်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲများသည် စီးပွားရေးလုပ်ငန်းမလုပ်ဘဲနဲ့ သာမန် Treasury  Office လိုပဲ ငွေသွင်းငွေထုတ် အခြေခံဘဏ်လုပ်ငန်းကို လုပ်ပါတယ်။ ဒါပေမယ့် နှောင့်နှေးကြန့်ကြာစွာလုပ်ကြပါ တယ်။ အဲဒါကို ဘဏ်နဲ့ ဆောင်ရွက်တဲ့သူတွေအားလုံးလည်း သိပြီးဖြစ်မှာပါ။ ကျွန်မရဲ့ နံပါတ်(၁) မေးခွန်းကတော့  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ သက်ကြီးရွယ်အို ကျန်းမာရေးချို့တဲ့နေသော အငြိမ်းစားဝန်ထမ်းများ လစာထုတ်ယူရာတွင် အခက် အခဲများနှင့် နှောင့်နှေးကြန့်ကြာမှုများရှိနေပါသဖြင့် ပိုမို၍ ထိရောက်မြန်ဆန်စွာ ထုတ်ပေးနိုင်မည့် လုပ်ငန်းအစီအစဉ်များ ရှိ၊မရှိ သိလိုပါသည်။ နံပါတ်(၂) မေးခွန်းကကျတော့ အငြိမ်းစားလစာငွေများ ကိုယ်တိုင်ထုတ်ယူခြင်းအပြင် ငွေစုဘဏ်စာရင်း (Saving Account) ကိုလွှဲပြောင်းထည်‌့သွင်း ပေးနိုင်ခြင်း ရှိ၊ မရှိနှင်‌့ အကယ်၍ထည့်သွင်းပေးနိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိလိုပါသည်ဟု မေးမြန်းထားပါသည် ။