(စ) တက္ကသိုလ်ပညာသင် ထောက်ပံ့ချီးမြှင့်ငွေများ တိုးမြှင့်ပေးရန်နှင့် တက္ကသိုလ်အသီးသီးတွင် ကိုယ်ပိုင် Website များ ထားရှိရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ ကိုယ်စိတ် နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေလို့ ဂါရဝပြု နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနွယ် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ အကျိုးကို ရှေးရှုပြီး ဥက္ကဋ္ဌကြီးရဲ့ ခွင့်ပြုချက်အရ ဤလွှတ်တော်သို့ မေးခွန်း ၂ ခုကို မေးမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၉၃ ခုနှစ်၊ ဧပြီလမှ စပြီးတော့ တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေးကို မြို့ပေါ်မှာနေတဲ့ ကျောင်းသားများအတွက် တစ်လ ၁၈၇ ကျပ် ၅၀ ပြား၊ နယ်တွင် နေထိုင်သော ကျောင်းသားအတွက် တစ်လ ၃၀၀ ကျပ်ထိ တိုးမြှင့်ချီးမြှင့်ပေးခဲ့ပါတယ်။ ထိုအချိန်မှ စပြီးတော့ ၂၀၁၁-၂၀၁၂ ခုနှစ် ပညာသင်နှစ်အထိ တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးများမှာ တိုးမြှင့်ပေးခြင်းမရှိတော့ဘဲ မြို့ပေါ်နေကျောင်းသားများမှာ ချီးမြှင့်ခံရလျှင် တစ်လ ၁၈၇ ကျပ် ၅၀ ပြား၊ တစ်နှစ်စာ ၂၂၅၀ ကျပ်ရရှိပြီးတော့ နယ်ကျောင်းသားတွေကတော့ တစ်လ ၃၀၀ ကျပ်ဖြင့် တစ်နှစ်စာ ၃၆၀၀ ကျပ်ရရှိလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ယခုအခါ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်များ တိုးမြှင့်ရရှိသည့်အတွက် ပညာသင်ထောက်ပံ့ကြေးများ တိုးမြှင့်ထားရှိမည်ဟုလည်း မျှော်လင့်ယူဆမိပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ တက္ကသိုလ်ကျောင်းလခမှာ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်ထိ တစ်လမှာ ၁၅ ကျပ်ဖြစ်ပါတယ်။ ၂၀၀၀-၂၀၀၁ ပညာသင်နှစ်တွင် တစ်လမှာ ၃၅ ကျပ်ဖြစ်ပါတယ်။ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်တွင် တစ်လ ၅၀၀ ကျပ်ထိ တိုးမြှင့်ခဲ့ပြီး ယခုအချိန်ထိ ၎င်းနှုန်းအတိုင်း ကောက်ခံလျက်ရှိပါတယ်။ ဒါကြောင့် ငွေကြေးချို့တဲ့ပြီး ပညာတော် သော ကျောင်းသားမှာ ပညာသင်ထောက်ပံ့ကြေး တစ်လ ၃၀၀ ကျပ်ရရှိပြီး မိဘက ပညာသင်စရိတ် အတော်အတန်ထောက်ပံ့နိုင်တဲ့ ကျောင်းသားကတော့ ကျောင်းလခ လွတ်ငြိမ်းခွင့် တစ်လ ၅၀၀ ကျပ် ရရှိနေသဖြင့် သဘာဝမကျကြောင်း တွေ့ရှိရပါတယ်။ ယခုအခါတွင် ပညာရေးဖောင်ဒေးရှင်းများက ပညာသင်ထောက်ပံ့ကြေး စီမံပေးရာတွင် တစ်လ ၂၅၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ထိ ချီးမြှင့် ပေးနေကြာင်း တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ် ပညာသင် ထောက်ပံ့ကြေးများပေးရာတွင် ယနေ့ခေတ်ကာလနှင့်လျော်ညီစွာ ထောက်ပံ့ချီးမြှင့်ငွေများ တိုးမြှင့် ပေးရန် အစီအစဉ်ရှိ၊ မရှိ တိုးမြှင့်ပေးပါက ယခု ပညာသင်ထောက်ပံ့ကြေးခံစားနေရသော ကျောင်းသားကျောင်းသူများပါ တိုးမြှင့်ချီးမြှင့်သည့်နှုန်းထားအတိုင်း ခံစားခွင့် ရှိ၊ မရှိကို သိရှိ လိုပါ ကြောင်း ပထမမေးခွန်းအဖြစ် မေးမြန်းအပ်ပါတယ်။
ဒုတိယမေးခွန်းကတော့ ယခုအခါမှာ နိုင်ငံတော်အစိုးရသည် E-Government ဖြစ်အောင် ဆောင်ရွက်လျက်ရှိရာ မြန်မာ့တက္ကသိုလ်အသီးသီးတွင် ကိုယ်ပိုင် Website များ ထားရှိ၍ သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ စီမံခန့်ခွဲရေး၊ သင်ကြားရေးနှင့် သုတေသနဆိုင်ရာ သတင်းအချက်အလက်များ တင်ပေး ထားခြင်းဖြင့် နိုင်ငံတကာတက္ကသိုလ်များမှ မြန်မာ့တက္ကသိုလ်များအကြောင်း လေ့လာနိုင်ခြင်း၊ အဆိုပါ တက္ကသိုလ်သို့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမည့် ကျောင်းသားမိဘများသည် တက္ကသိုလ်အကြောင်း ကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး မိမိ သားသမီးအတွက် လိုအပ်သည်များကို ဆောင်ရွက် ပေးနိုင်ခြင်း၊ တက္ကသိုလ်ကျောင်းသားများအနေဖြင့်လည်း မိမိနှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ် သင်ယူနိုင်ခြင်း လျှောက်လွှာပုံစံများကို အလွယ်တကူ Down Load လုပ်ပြီး ရယူနိုင်ခြင်း စသည့် အခွင့်အလမ်းများ ရရှိလာမည် ဖြစ်ပါတယ်။ အဝေးသင်ကျောင်းသားများအနေဖြင့်လည်း ဘာသာရပ် ဆိုင်ရာ E-Book များကို လေ့လာဖတ်ရှုနိုင်ခြင်း၊ ကျောင်းဝင်ခွင့်များကို On Line မှ တစ်ဆင့် လျှောက်ထားခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်တဲ့အတွက် မြန်မာ့တက္ကသိုလ်အသီးသီးတွင် ကိုယ်ပိုင် Websiteများထားရှိရန် အစီအစဉ်ရှိ၊ မရှိနဲ့ အကယ်၍ ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့် အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းထားပါသည် ။