(ခ) (Jury) ဂျူရီလူကြီးများ ခန့်အပ်ဆောင်ရွက်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာပထမဆုတောင်း မေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မေးမြန်းလိုတဲ့ မေးခွန်း ကတော့ ယခင်ကတရားရုံးများ၊ တရားလွှတ်တော်များ၊ စက်ရှင်တရားရုံးများတွင် တရားစီရင်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး အမှုကြီးများကို ကြားနာစီရင်ရာ၌ ဂျူရီလူကြီးများကို ရွေးချယ်တာဝန် ပေးပြီး တရားစီရင်ရေးလုပ်ငန်းများ မှားယွင်းတိမ်းစောင်းမှုမရှိစေရေးအတွက် ဝိုင်းဝန်းကူညီအကြံပေး ဆောင်ရွက်လုပ်ကိုင်သည့်ပုံစံများ ရှိကြောင်းကိုသိရှိရပါတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင်လည်း ပုဒ်မ၂၆၇ မှ ပုဒ်မ ၃၃၂ အထိ ဂျူရီလူကြီးများနှင့်ပတ်သက်ပြီး ဥပဒေများပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း လည်းသိရှိရပါတယ်။ သို့ပါ၍ တရားရုံးများကို ပြည်သူတွေပိုမိုယုံကြည်အားကိုးလာစေရန် အတွက် ယခုတရားစီရင်ရေးလုပ်ငန်းများတွင်လည်း ဥပဒေနှင့်အညီအားလုံးပူးပေါင်းဆောင်ရွက်နေကြောင်း ပြည်သူများသိသာ မြင်သာစေရန်အတွက် ဥပဒေအရ သတ်မှတ်ထားသောရုံးများတွင် ကြားနာစစ်ဆေး ရာ၌ဂျူရီလူကြီးများကို ရွေးချယ်တာဝန်ပေးဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုပါသဖြင့် ပြန်လည် ဖြေကြားပေးနိုင်ပါရန် မေးမြန်းထားပါသည် ။