(ဂ) ဝင်ငွေခွန်များကို ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင်‌့ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင်‌့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ အလုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ဖြစ်ပါတယ်။ ကျွန်တော် ရုပ်ရှင်၊ သဘင်၊ ဗွီဒီယိုနှင့်ပတ်သက်၍ ပြသခွန်၊ ရုံတင်ခွန်၊ ပွဲခွန်၊ ဝင်ငွေခွန်တို့နှင်‌့ပတ်သက်ပြီးတော့ မေးခွန်း မေးမြန်းလိုပါတယ်။ အချိန်ကိုငဲ့ညှာပြီးတော့ အကျဉ်းချုံးပဲမေးမြန်းမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖျော်ဖြေရေးကဏ္ဍအဖြစ် ဇာတ်တွေကို ၂၀ ရာခိုင်နှုန်းအခွန်ကောက်ပြီးတော့ ရုပ်ရှင်ကို ၃၀ ရာခိုင်နှုန်း အခွန်ကောက်ပါတယ်။ ရုပ်ရှင်နှင်‌့ပတ်သက်ပြီးတော့ ဝင်ငွေခွန် ရုပ်ရှင်လောကသားများကို ဝင်ငွေခွန် ကောက်တာလည်း ဝင်ငွေခွန်သီးသန့်သတ်မှတ်ချက်မရှိဘဲနဲ့ နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ကောက် နေတာကိုတွေ့ရပါတယ်။ တချို့အခွန်ကောက်ရာမှာဆိုရင် ရှုံးရင်မကောက်ဘဲနေရမယ့်အစား ရှုံးသည် ဖြစ်စေ၊ မြတ်သည်ဖြစ်စေ အခွန်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပြီးကောက်သွားတယ်။ ဝင်ငွေခွန် ကောက်တဲ့စနစ်ကိုလည်း ကျွန်တော်တို့နိုင်ငံမှာတွေ့ရပါတယ်။ ရှုံးရင်မကောက်ဘဲနေတာမဟုတ်ဘဲနဲ့ ရှုံးရင်လည်းပဲ ပိုကောက်လာပါတယ်။ တစ်နှစ်ထက်တစ်နှစ် ဝင်ငွေခွန်ကိုတိုးကောက်တာသည် ဒီလုပ်ငန်းဟာ အမြဲတမ်းမြတ်နေတယ်လို့ သတ်မှတ်ပြီးကောက်တာဖြစ်တယ်။ ရှုံးတယ်ဆိုရင် လုပ်ငန်းကို ပိတ်သိမ်းလိုက်ပါလို့ ပြောပါတယ်။ လုပ်ငန်းပိတ်သိမ်းရင် အခွန်ကောက်စရာမလိုတော့ ဘဲနဲ့ လုပ်ငန်းအသစ်၊ နာမည်အသစ်နဲ့ ပြန်စပါလို့ ပြောတာတွေ့ရပါတယ်။ အဲ့ဒီအတွက် ဝင်ငွေခွန်ကောက်တဲ့နေရာ မှာလည်း နည်းနည်းရှုပ်ထွေးမှုရှိတဲ့အပြင် မသမာမှုအမျိုးမျိုးနဲ့ အခွန်ကိစ္စ မှာ ရှုပ်ထွေးမှုတော်တော်များများကိုတွေ့ရသလိုပဲ ဒီနေရာမှာ အကျဉ်းချုံးပြီးတော့ တင်ပြသွားမှာ ဖြစ်တဲ့အတွက် နောင်အလျဉ်းသင့်မှပဲ ထိုကိစ္စများကိုတင်ပြပါမယ်။ လောလောဆယ်မှာ ကျွန်တော်တို့ နိုင်ငံမှာ ကောက်နေတဲ့ဝင်ငွေခွန်၊ ဇာတ်ပွဲခွန်၊ ရုပ်ရှင်ပြသခွန်များဟာ မြင့်နေပါတယ်။ ကိုရီးယားနိုင်ငံ မှာ ဆိုရင်တော့ ၅ ရာခိုင်နှုန်းပဲကောက်ပြီးတော့မှ ရတဲ့ငွေကို နိုင်ငံတော်ဘတ်ဂျက်မှာ မထည့်ဘဲနဲ့ ရုပ်ရှင်လုပ်ငန်းနဲ့ပတ်သက်တဲ့ စတူဒီယို ငှားရမ်းဆောက်လုပ်မှုတွေ၊ ကင်မရာ၊ မီးဘက်ဆိုင်ရာ၊ အသံဘက်ဆိုင်ရာစက်မှုပစ္စည်း ငှားရမ်းတဲ့ဘက်တွေမှာပဲသုံးပြီးတော့ ကုမ္ပဏီတွေ ရုပ်ရှင်ထုတ်လုပ်သူ တွေကို ငွေထုတ်ချေးပေးပါတယ်။ ဒါဆိုရင် ဒီရုပ်ရှင်လောကကို ကူညီပံ့ပိုးတဲ့အတွက် အဲ့ဒီလောက တိုးတက်စေတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဲ့ဒီလိုလုပ်တဲ့စနစ်မရှိသေးပါဘူး။ မြန်မာ့ရုပ်ရှင် အရည်အသွေးကျဆင်းနေမှု၊ နည်းပညာချို့တဲ့နေမှုနဲ့ ထုတ်လုပ်မှုအရည်အသွေးနည်းပါးလာမှု၊ နည်းပညာချို့တဲ့နေမှု နောက်ဇာတ်ကားတွေကို အဆင့်မီဇာတ်ကားရိုက်ကူးထုတ်လုပ်နိုင်စွမ်းမရှိတဲ့ အဓိကပြဿနာအရင်းခံက ရင်းနှီးမြှုပ်နှံမှုဓနအင်အားဖြစ်ပါတယ်။ မြန်မာ့ဗွီဒီယိုထုတ်လုပ်ရေးမှာ လည်း ထိုနည်းတူစွာဖြစ်ပါတယ်။ မြန်မာ့ဇာတ်တွေမှာလည်း ရင်းနှီးမြှုပ်နှံမှုဓနအင်အားချို့တဲ့ပြီးတော့မှ တချို့ဇာတ်တွေ မကနိုင်တော့ဘဲ အချို့အငြိမ့်တွေဆိုလည်း မကနိုင်တော့ဘဲနဲ့ ဇာတ်ခေါင်းကွဲပြီးတော့မှ နေတဲ့ဟာတွေလည်း အများကြီးတွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ မြန်မာ့ရုပ်ရှင်၊ ဗွီဒီယို၊ ဇာတ်တွေ နယ်ပယ်တို့အတွက် မြန်မာ့အခက်အခဲ တစ်ရပ်ဖြစ်နေတဲ့ငွေကြေးကဏ္ဍရဲ့ အဓိက ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ အခွန်ကောက်ခံမှုစနစ်ကို လျှော့ပေါ့ပြောင်းလဲပေးနိုင်ပါရန် မေးခွန်းမေးလို ပါတယ်။ ရုပ်ရှင်ရိုက်ကူး၊ ထုတ်လုပ်၊ ကူးယူ၊ ဖြန့်ချိပြသရေး ကဏ္ဍအသီးသီးတို့မှာ ရုံတင်ပြသရေး ကဏ္ဍနဲ့ ကောက်ခံလျက်ရှိတဲ့ ပြသခွန် သို့မဟုတ် ရုံတင်ခွန် နောက်ဇာတ်၊ အငြိမ့်ရုံပွဲပြသရာမှာ ကောက်ခံလျက်ရှိတဲ့ ပွဲခွန်၊ ရုပ်ရှင်၊ ဗွီဒီယို၊ ဇာတ်သဘင်လောကသားတို့ထံမှ ကောက်ခံလျက်ရှိတဲ့ ဝင်ငွေခွန်၊ ထိုအခွန်များကို နှစ်အကန့်အသတ်ဖြင့် ကင်းလွတ်ခွင့်ပြုခြင်း၊ လျှော့ပေါ့ခြင်းကို ဆောင်ရွက် ပေးနိုင်မှုရှိ၊ မရှိ သိလိုပါသည် ။