(စ) ဆတ်ရိုးကျချောင်းကူးတံတား တည်ဆောက်ပေးရန်နှင်‌့စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 မင်္ဂလာပါ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြားထားတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ အန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ စစ်တွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့၏ အသက်သွေးကြောဖြစ်တဲ့ ဆတ်ရိုးကျချောင်းကူးတံတားထိုးရန် မေးခွန်းသုံးခုကို မေးခွင့်ပြုပါခင်ဗျား။ ရခိုင်ပြည်နယ်ရဲ့မြို့တော်ဟာ စစ်တွေမြို့ဖြစ်ပါတယ်။ စစ်တွေမြို့ကို ရောက်ဖူး ကြတဲ့ ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်‌သူ့လွှတ်တော်ကိုယ်စားလှယ်များသိရှိတဲ့အတိုင်း စစ်တွေ မြို့တော်ဟာ မြို့တော်ရဲ့အင်္ဂါချို့ယွင်းနေပါတယ်။ ယခင်အင်္ဂလိပ်လက်ထက်က စစ်တွေမြို့ကို မြန်မာနိုင်ငံရဲ့ စတုတ္ထမြို့တော်အဖြစ်ထားခဲ့ပါတယ်။ အကျယ်အဝန်းကတော့ ၅ မိုင်လောက်ပဲရှိပါတယ်။ တစ်ဖက် ကမ်းရှိရပ်ကွက်တွေနဲ့ပေါင်းလိုက်ရင် ၁၀ မိုင် ၇ ဖာလုံလောက်ကျယ်သွားပါလိမ့်မယ်။ အဲ့ဒီလိုမြို့ကျယ် သွားရန် တံတားတစ်ခုလိုအပ်ပါတယ်။ ချောင်းတစ်ဖက်ကမ်းရှိကျောင်းသား၊ ကျောင်းသူ၊ အလုပ်သမား တွေမိုးတွင်းကာလမှာ ကူးတို့ကူးရတာ၊ ရေကူးပြီးတော့လာရတာ အန္တရာယ်ရှိပါတယ်။ ကျန်းမာရေး အရလည်းအလွန်အန္တရာယ်ရှိပါတယ်။ ၁၈၈၇ ခုနှစ်၊ အင်္ဂလိပ်အုပ်ချုပ်တဲ့ကာလမှာ ဆတ်ရိုးကျချောင်း ကိုတံတားထိုးဖို့စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ အာရကန်ဖလိုတီယာကုမ္ပဏီ၊ အင်္ဂလိပ်လုပ်တဲ့ကုမ္ပဏီ ကနေ သ‌င်္ဘောတွေနဲ့သွားလာရမှာခက်တဲ့အတွက် တံတားမထိုးဖြစ်တော့ပဲ အဲ့ဒီတံတားကိုထိုးဖို့ အင်္ဂလန်ကပါလာတဲ့ သံပေါင်တွေကို ပဲခူးမြို့ကိုပို့လိုက်ပါတယ်။ ပဲခူးမှာတံတားထိုးပါတယ်။ ကျွန်တော်တို့ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ တိုင်းမှူးအဆက်ဆက်အုပ်ချုပ်လာပါတယ်။ စက်မှု လုပ်ငန်းတွေကို စစ်တွေမြို့ထဲမှာမထားတော့ဘဲ ဆတ်ရိုးကျချောင်းတစ်ဖက်ကမ်းမှာ စက်မှုဇုန်အဖြစ် ပြောင်းရွှေ့ရန် မြေယာကွက်တွေပေးပါတယ်။ မြေယာကွက် ၁၀၀ ကျော်လောက်ဝယ်ထားပြီး လုပ်ငန်းရှင်တချို့ကလည်း လုပ်ငန်းလုပ်ဖို့အတွက် တံတားထိုးဖို့စောင့်နေကြပါတယ်။ ရခိုင်ပြည်နယ် ကို လူကြီးတွေ သုံးနှစ်တစ်ကြိမ်ပို့လိုက်ပြီး အဲ့ဒီလူကြီးတွေပြန်သွားတော့ တံတားကိစ္စလည်း ပျောက်သွားပါတယ်။ တံတားကိစ္စပျောက်သွားသလို ပထမစီမံကိန်းဖြစ်တဲ့ စိုင်းဒင်ရေတံခွန်ဆောက်တဲ့ လုပ်ငန်းလို ယခုထိအကောင်အထည်မပေါ်ပဲဖြစ်နေပါတယ်။ စစ်တွေမြို့လူထုက အာဆီယံနိုင်ငံ တွေကိုအားကျပြီးတော့ ရှားပါးတဲ့ဥစ္စာကို နာမည်ပြောင်းချင်ပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား အဲ့ဒီရှားပါးတဲ့ ဥစ္စာတွေကိုကြည်‌့ပြီးတော့ စစ်တွေကို မီး၊ ရေရှားဆိုပြီး နာမည်ပြောင်းချင်ပါတယ်။ ဒါပေမယ်လို့ ပြည်ထောင်စုအစိုးရက လိမ္မာပါးနပ်စွာနဲ့ ၂၄ နာရီမီးပေးလိုက်တော့ အဲ့ဒါတွေကို ဖျောက်ပစ်လိုက်တယ်။ ပျက်သွားပါတယ်။ နာမည်ပြောင်းဖို့ပျက်သွားပါတယ်။ တစ်ဆက်တည်းမှာပဲ ရေကလည်း မိုးကောင်းရင်တော့ အခြေအနေကောင်းပါလိမ်‌့မယ်။ မီတာကြေးကတော့ ဈေးတက် နေပါတယ်။ ရေကတော့အဆင်ပြေသွားဖို့အတွက် တံတားထိုးလိုက်ရင် အဲ့ဒီဘက်ကမ်းမှာရေရှိပါ တယ်။ အဲ့ဒီဘက်ကိုတံတားထိုးရင် မြို့တော်ကလည်း ၁၀ မိုင် ၇ ဖာလုံလောက်ကျယ်သွားပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော်မေးခွန်းသုံးခုပဲမေးပါမယ်။ (၁) ဆတ်ရိုးကျချောင်းအား စစ်တွေလမ်းမကြီး အတိုင်း မင်းဂံသ‌င်္ဘောဆိပ်အထိပေါက်ရောက်နိုင်ရန် ပေ ၄၀၀ အရှည်တံတားထိုးရန်အစီအစဉ်ရှိပါ သလား။ (၂) ဆတ်ရိုးကျချောင်းကို ဦးအောင်ဇံဝေလမ်းအတိုင်းပေ ၂၀၀ အရှည်တံတားထိုးရန် အစီအစဉ်ရှိပါသလား။ (၃) စစ်တွေမြို့သူ၊ မြို့သားများလိုအပ်တဲ့ တံတားကိုမည်သည်‌့အချိန်အခါတွင် ထိုးပါမည်နည်းဟု  မေးမြန်းထားပါသည် ။