(က) အစိုးရနည်းပညာအထက်တန်းကျောင်း ဖွင့်လှစ်ခွင့်ရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဧည့်သည်တော်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။  စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်ဟိန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒေသခံကျောင်းသား/ကျောင်းသူများနှင့်ပတ်သက်ပြီး မေးခွန်းတစ်ခု ကို မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်းကတော့ ကသာမြို့မှာ အစိုးရနည်းပညာအထက်တန်းကျောင်း(Government Technology High School ) ဖွင့်လှစ်ခွင့် ပေးနိုင်ရေးအစီအစဉ် ရှိ၊ မရှိ မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ လေးစားရပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ကသာမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့အစွန်ဆုံးမှာ တည်ရှိပြီးတော့ ကချင်ပြည်နယ်နှင့် ကပ်လျက်တည်ရှိကာ မြို့နယ် ၇ မြို့နယ်ပါဝင်တဲ့ ခရိုင်မြို့တစ်မြို့ ဖြစ်ပါတယ်။ ယခင်က ကသာမြို့မှာ ဒေသကောလိပ် ဖွင့်လှစ်ခွင့်ရရှိဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ဒေသကောလိပ် ဖွင့်လှစ်ခွင့်မရခဲ့ပါဘူး။ ဒါ့အပြင် ကသာမြို့နယ်မှာရှိတဲ့ အထက်တန်းကျောင်း ၃ ကျောင်း၊ တွဲဖက်အထက်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၃ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၃ ကျောင်း၊ စုစုပေါင်း ၂၄ ကျောင်းတို့မှာ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ အဋ္ဌမတန်း ပညာသင်ကြားနေတဲ့ ကျောင်းသား/ ကျောင်းသူဟာ ၁၇၀၀ နီးပါးရှိပါတယ်။ လက်ရှိပညာသင်နှစ်မှာ အဋ္ဌမတန်းအောင်ပြီး အသက် ၁၇ နှစ်အောက်ရှိတဲ့ ကျောင်းသား/ကျောင်းသူများဟာ နည်းပညာအထက်တန်းကျောင်းကို တက်ရောက် နိုင်ကြောင်း လေ့လာသိရှိရပါတယ်။ အစိုးရနည်းပညာအထက်တန်းကျောင်းဖွင့်လှစ်ပေးမည်ဆိုပါက ကသာခရိုင်အတွင်းရှိ မြို့နယ်များမှ ကျောင်းသား/ကျောင်းသူများပါ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရနည်းပညာအထက်တန်းကျောင်း မှ အဆင့်မီစွာ အောင်မြင်တဲ့ ကျောင်းသား/ကျောင်းသူများဟာလည်းပဲ ကျွန်တော်တို့ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ နည်းပညာတက္ကသိုလ်များကို ဆက်လက်တက်ရောက်နိုင်ကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်းကတော့ ကသာမြို့တွင် အစိုးရနည်းပညာအထက်တန်း ကျောင်း (Government Technology High School) ဖွင့်လှစ်ပေးနိုင်ရေး အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းထားပါသည် ။