(ခ) ဥယျာဉ်ခြံစိုက်လုပ်ငန်းရှင်များကို ဈေးကွက်ယှဉ်ပြိုင်မှုစဉ်ဆက်မပြတ်တည်ရှိနိုင်ရေးနှင့်စပ်လျဉ်း သည့်မေးခွန်း
လေးစားရပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် ဒီလွှတ်တော်ခန်းမထဲမှာရှိနေကြသော ပုဂ္ဂိုလ်အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းမယ့်မေးခွန်းက ဥယျာဉ်ခြံနဲ့ပတ်သက်တဲ့၊ စိုက်ပျိုးရေး နဲ့ပတ်သက်တဲ့ မေးခွန်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား၊ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်သီးနှံများဖြစ်ကြတဲ့ ဒူးရင်း၊ သရက်၊ လိမ္မော်၊ သစ်တော်၊ စပျစ်နှင့် ပန်းသီးအစရှိတဲ့ ခြံထွက်သီးနှံ စိုက်ပျိုးရေး ထွက်ကုန်တွေဟာ ယခုအခါမှာ ပြည်ပနိုင်ငံဖက်ကနေ အလားတူသစ်သီးများဖြင့် ဈေးကွက်ကို ထိုးဖောက်နေရာယူလာကြပြီဖြစ်ပါတယ်။ အဆိုပါ သစ်သီးဝလံများမှာ မြန်မာပြည်ထွက် သစ်သီးများထက် အရည်အသွေးသာလွန်နေတဲ့အတွက် ပြည်တွင်းဈေးကွက်မှာလည်းမယှဉ်ပြိုင်နိုင် ကြပါဘူး။ အကယ်၍ ဈေးကွက်ယှဉ်ပြိုင်မှုကျရှုံးသွားပါက ခြံလုပ်ငန်းများကွယ်ပျောက်သွားနိုင်ကာ မြန်မာပြည်ထွက်သီးနှံများ ဈေးကွက်မှာ ဈေးကွက်ဝင်သီးနှံအဖြစ် မရပ်တည်နိုင်တော့ခြင်းနှင့် ခြံလုပ်ငန်းများရပ်ဆိုင်း၍ ဒေသအလိုက် အလုပ်အကိုင်နှင့်ဆက်စပ်လုပ်ငန်းများပါ ကွယ်ပျောက် သွားနိုင်ခြင်းစသည့် ဆိုးကျိုးများကိုခံစားရနိုင်ပါတယ်။ ယခုအခါမှာ နှစ်ရှည်သီးနှံစိုက်ပျိုးမယ့် ပြည်ပကုမ္ပဏီကြီးများ၊ အထူးသဖြင့် တစ်ဖက်နိုင်ငံမှခန့်မှန်းအမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံခန့် ပမာဏနှင့် လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ်လို့ကြားသိရပါတယ်။ အဲဒီတော့ အခုလက်ရှိမှာ လည်းပဲ ကျွန်တော်တို့နိုင်ငံနယ်စပ်တစ်လျှောက်မှာ ပြည်ပနိုင်ငံခြားသားတွေဟာ တရားမဝင် လာရောက် စိုက်ပျိုးနေတာတွေကိုတွေ့နေရပါတယ်။ ဒေသအသီးသီးမှာ မြေတွေကိုတစ်ဧက ၂ သိန်း၊ ၃ သိန်းနှုန်းနဲ့လာရောက်ငှားပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်ကြတာတွေကိုတွေ့ရပါတယ်။ သူတို့ရဲ့ အောင်မြင်မှုတွေ ပြည်ပနိုင်ငံသားတွေက ကျွန်တော်တို့နိုင်ငံရဲ့မြေကိုအသုံးချပြီး အောင်မြင်မှုတွေ ရနေကြပါတယ်။ သူတို့ပစ္စည်းတွေကို သူတို့နိုင်ငံကိုပြန်သယ်သွားကြတယ်။ ဒါတွေဟာ တရားမဝင် ပုံစံနဲ့လုပ်နေသော်လည်း ကျွန်တော်တို့ဒေသမှာရှိတဲ့သူတွေက သူတို့ဆီကနည်းပညာရယူလိုချင်တဲ့ စိတ်မျိုးနဲ့ သူတို့ဆီမှာအခစားပြန်လုပ်ကြတာတွေ့ရပါတယ်။ သူတို့ဆီမှာအခစားလုပ်ရင်းနဲ့ သူတို့ဆီက ရတဲ့ လယ်မြေငှားတဲ့စရိတ်လေးတွေနဲ့ ကျောင်းဆောက်နိုင်တယ်၊ အလှူလုပ်နိုင်တယ်ဆိုပြီးတော့ ဝမ်းမြောက်ဝမ်းသာရှိနေကြတဲ့သူတွေလည်းရှိကြပါတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံအနေနဲ့ နစ်နာ ဆုံးရှုံးမှုဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့သိထားဖို့လိုအပ်ပါမယ်။ တစ်နေ့မှာ အခု မိုင်းယောင်း မဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ်ကြီးက သူတို့ဒေသမှာနိုင်ငံခြားသားတွေ တရားမဝင်လာရောက် လုပ်ကိုင်နေတာနဲ့ပတ်သက်ပြီးတော့မှ ဓာတ်ပုံရိုက်ယူလာပါတယ်။ ရွှေဖရုံစိုက်ခင်းဖြစ်ပါတယ်။ ရွှေဖရုံစိုက်ခင်းဟာ အင်မတန်မှ အောင်မြင်နေပြီးတော့ ဒယ်အိုးသဏ္ဌာန်တောင်တွေကြားထဲမှာ စိုက်ထားတာဟာ ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသားတွေ စိုက်တဲ့အပင်တွေမဟုတ်ဘဲနဲ့ ပြည်ပ နိုင်ငံသားတွေက မြန်မာပြည်မှာ လာရောက်စိုက်တဲ့ ရွှေဖရုံစိုက်ခင်းတွေ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံကတောင်သူတွေ၊ ခြံစိုက်ပျိုးရေးသမားတွေ လုပ်ဖို့အတွက်ကို နည်းပညာ၊ ငွေကြေး စတဲ့ ပံ့ပိုးကူညီမှုတွေမရနိုင်တဲ့အတွက် သူများနိုင်ငံက တရားမဝင်လာလုပ်တာကိုပဲ ကျေကျေ နပ်နပ်ကြီးနဲ့ လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးနေရတာတွေကို တွေ့နေရပါတယ်။ ဒါကို ကျွန်တော်တို့ နိုင်ငံတော်ကနေ ကူညီလုပ်ကိုင်ပေးဖို့အတွက်ကို ကျွန်တော်တို့ တင်ပြလိုတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၁ မှာ နိုင်ငံတော်သည် အမျိုးသား စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာ၊ အရင်းအနှီး၊ စက်မှုပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို ရရှိစေရန် ကူညီမည်ဟု ပြဋ္ဌာန်း ပါရှိတဲ့အတိုင်း မြန်မာပြည်မှာရှိတဲ့ ပြည်တွင်းသစ်သီးဝလံစိုက်ပျိုးရေး ခြံလုပ်ငန်းလုပ်ကိုင်သူများအား ရင်းနှီးမြှုပ်နှံမှုများနှင့် တန်းတူတိုးတက် ထုတ်လုပ်နိုင်စေရန်အတွက်၊ ယှဉ်ပြိုင်နိုင်စေရန်အတွက် ဥယျာဉ်ခြံစိုက်လုပ်ငန်းရှင်များကို နိုင်ငံတော်မှကူညီနိုင်ပါရန် အောက်ပါမေးခွန်းကို မေးမြန်းလိုပါတယ် ခင်ဗျား။ နိုင်ငံတော်မှ ပြည်တွင်းဥယျာဉ်ခြံ စိုက်လုပ်ငန်းရှင်များကို ချေးငွေများ၊ မျိုးစပ်မျိုးပွား နည်းပညာများအပြင် ခြံထွက်သီးနှံဆိုင်ရာ သုတေသန၏ အကူအညီများဖြင့် မြန်မာ့သီးနှံဈေးကွက် မပျောက်စေရေးနှင့် ဈေးကွက်ယှဉ်ပြိုင်မှု စဉ်ဆက်မပြတ်တည်ရှိစေရေးအတွက် မည်သို့ဆောင်ရွက် ပေးနိုင်မည်ကိုသိလိုပါကြောင်းမေးမြန်းထားပါသည် ။